ရန်ကုန်၊ ဖေဖော်ဝါရီ (၂၄)
စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်စပြီး ဖွင့်လှစ်လိုက်တဲ့ နိုင်ငံကူးလက်မှတ်တွေကို အွန်လိုင်းကနေဘွတ် ကင်တင်တဲ့စနစ်ဟာ ကြန့်ကြာမှုတွေနဲ့ အားနည်းချက်တွေကြောင့် သုံးစွဲသူတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
နိုင်ငံကူးလက်မှတ်တွေကို www.passport.gov.mm ဝက်ဘ်ဆိုက်ကနေ ဘွတ်ကင်တင်ရတာဖြစ်ပြီး အချိန်မရွေးလျှောက်ထားနိုင်တယ်လို့ ဆိုထားပေမယ့် ဒီနေ့နံနက်ပိုင်းမှာ ဝင်ရောက်အသုံးပြုသူတွေ များပြားမှုကြောင့် နာရီပိုင်းအကြာ ခဏ ပိတ်သွားခဲ့ပါသေးတယ်။
“ကျွန်မကပြည်ပမှာ အလုပ်လုပ်ဖို့ ပတ်စပို့ကိစ္စကို ရန်ကုန်ဆင်းပြီးလာလုပ်တာ။ ပြီးခဲ့တဲ့ နိုဝင်ဘာကတည်း ကပဲ။ ပိတ်လိုက်တယ်ဆိုတော့ ဘာဆက်လုပ်ရမလဲဆိုပြီး နည်းလမ်းရှာပြီး ရန်ကုန်မှာပဲ သောင်တင်နေတာ။ ငွေလည်း အတော်ကုန်နေပြီ။ အခုက အွန်လိုင်းကလုပ်လို့ရပြီဆိုတော့ ဒီမနက်မှာ ဝင်လုပ်ကြည့်တာ။ အကုန်ပြု ပြီး ဝင်ကြလို့ထင်တယ်။ မနက်ပိုင်းက ၈နာရီဝန်းကျင်မှာ ဖွင့်ကြည့်တော့ ဖွင့်မရဘူး၊ နေ့လည်မှာ ဖွင့်ရတယ်။ ဒါပေမဲ့ အချက်အလက်တစ်ခါဖြည့်ပြီးတိုင်း အတည်ပြုတာကိုစောင့်ရတာကြာတယ်။ သူတို့ပေးထားတဲ့ ဖုန်းက တော့ ဘယ်လိုဆက်ဆက်မဝင်ဘူး” လို့ ပတ်စ်ပို့လျှောက်ထားဖို့ အွန်လိုင်းကနေ ဘွတ်ကင်တင်သူတစ်ဦးက ပြောပါတယ်။
နိုင်ငံကူးလက်မှတ်တွေကို အွန်လိုင်းကနေ လျှောက်ထားရာမှာ အသစ်လျှောက်ထားလျှင် ငွေကျပ် သုံးသောင်း ခွဲ၊ ပျက်ဆီးပျောက်ဆုံးလျှောက်ထားပါက ငွေကျပ် ခုနစ်သောင်းခွဲနဲ့ ပြည်ပမှာနေထိုင်ရင်း ပျောက်ဆုံးတာကို ပြန်လျှောက်ရင် ကန် ၇၅ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို ပေးသွင်းရမယ်လို့ ဆိုထားပါတယ်။
ပတ်စပို့စ်လုပ်ဆောင်တဲ့ ဝန်ဆောင်ခကို အွန်လိုင်းကနေဘွတ်ကင်တင်ပြီးတာနဲ့ တစ်ခါတည်ပေးသွင်းရမှာဖြစ်ပြီး လတ်တလောမှာတော့ KBZ-payနဲ့ E-commerce လျှောက်ထားပြီးတဲ့ MPUဘဏ်ကတ်တွေနဲ့ ပေးချေနိုင်တယ် လို့ ဆိုထားပါတယ်။
လျှောက်ထားသူတွေဟာ သတ်မှတ်ဖောင်ဖြည့်သွင်းပြီးတာနဲ့ အွန်လိုင်းစနစ်က ရက်ချိန်းပေးလိုက်တဲ့နေ့မှာ ပတ်စ်ပို့ရုံးကို လိုအပ်တဲ့အထောက်အထားတွေယူဆောင်လာပြီး စာအုပ်ထုတ်ယူရမှာပါ။
Green Channel နဲ့ လျှောက်ထားသူတွေအတွက် အွန်လိုင်းဘွတ်ကင်စနစ်ကနေ ရက်ချိန်းစောင့်စရာ စရာမ လိုအပ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ညွှန်ကြားရေးမှူးချုပ်အဆင့်နှင့်အထက် တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးထောက်ခံပြီး ဝန်ကြီးဌာနတွေမှတစ်ဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးသို့ စာဖြင့် ကြိုတင် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
Green Channel နဲ့ပတ်စပို့လျှေက်ထားလို့ရသူတွေထဲမှာ MoU အလုပ်သမား၊ဘာသာရေးဆိုင်ရာအဖွဲ့အစည်း တွေ၊ ယဉ်ကျေးမှု ဖလှယ်ပွဲတွေ၊ သင်္ဘောသားတွေနဲ့ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မယ့်ကိစ္စရပ်တွေ၊ ပြည်ပသို့ ဆေးကုသွားမည့်သူတွေနဲ့ ဆေးကုဖော် လိုက်ပါမယ့်သူတွေ၊ ခရီးသွားအေဂျင်စီတွေ၊ ပညာသင်တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ်တွေနဲ့ သွားရောက်မယ့်သူတွေ အကျုံးဝင်တယ်လို့ ဆိုထားပါတယ်။
လျှေက်ထားသူအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)နဲ့ မိတ္တူ(၂)စုံ၊အိမ်ထောင်စုစာရင်း(မူရင်း)နှင့် မိတ္တူ(၂)စုံ၊အသက်(၁၀)နှစ်အောက်ဖြစ်လျှင် မွေးစာရင်း(မူရင်း)နဲ့ မိတ္တူ(၂)စုံတို့ကို အထောက်အထား တင်ပြရမယ်လို့ သိရပါတယ်။
သတင်း-သံလွင်တိုင်းမ်