မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၄)

တပ်အင်အား ပြုန်းတီးမှုကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ်အတွင်း လေကြောင်း စစ်ဆင်ရေးတွေ ပိုမို အရှိန်အမြှင့်တင်လာနိုင်တယ်လို့ CDM လေတပ်အသိုင်းအ ဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီဟာ စစ်နည်းဗျူဟာအမျိုးမျိုးသုံးပြီး နွေဦးတော်လှန်ရေးကို ဖြိုခွင်းဖို့ ကြိုးစားခဲ့ပေမယ့် အာဏာသိမ်း၂နှစ်ကျော်ကြာအထိ မအောင်မြင်သေးပါဘူး။

မြေပြင်တိုက်ပွဲတွေမှာ အသာစီးမရသလို တဖြည်းဖြည်းနယ်မြေတွေ လက်လွှတ်လာရတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်ဖို့အတွက် နိုင်ငံတကာစစ်ပွဲတွေမှာသုံးတဲ့ တိုက်ခိုက်ရေးလေ ယာဉ်တွေနဲ့ ထိုးစစ်ဆင်ဖို့ပြင်ဆင်လာတာပါ။

စစ်ကောင်စီဟာ တိုက်ခိုက်ရေးလေယာဉ်တွေကို ၂၀၂၁ ခုနှစ်ထဲက အသုံးပြုခဲ့တာဆိုပေမယ့် အခု ၂၀၂၃ ခုနှစ်မှာတော့ လေကြောင်းအထူးစစ်ဆင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ပါ စစ်ဆေရေးတွေ လုပ်ဆောင်ဖို့ ကြိုး ပမ်းလာတာပါ။

လေကြောင်း စစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီဟာ ရုရှားကနေဝယ်ယူထားတဲ့ SU 30 အပြင် တရုတ်နိုင်ငံထုတ် FTC 2000 G တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ အပြင်းအထန် လေ့ကျင့်တာတွေ လုပ်ဆောင်နေတယ်လို့ လေကြောင်းရန်ကာကွယ်ရေးတပ်က CDM တပ်ကြပ်ကြီး ဇေယျက သံ လွင်တိုင်မ်းကို ပြောပါတယ်။

“သူတို့ အခုနောက်ဝယ်ထားတဲ့ရဟတ်ယာဉ် (SU-30) လိုဟာမျိုးတွေနဲ့ အသုံးချလို့ရအောင် လေ့ကျင်နေတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ဟိုးရက်ပိုင်းတွေကဆိုရင် ညပိုင်းမှာ တော်တော်ကို လေ့ကျင့်နေတာ တွေ့ရတယ်။ ဒါဟာ SU-30 နဲ့လေ့ကျင့်တယ်လို့ ကျွန်တော်တို့သိရတယ်။ နောက်ပြီးတော့ နမ့်ဆန်ဘက်မှာ ထားတဲ့ FTC 2000 တွေ ဝယ်ထားတာလည်းရှိတယ်။ ဒီကောင်တွေဆိုရင်လည်း ရောက်ကာစဆိုတော့ သုံးလို့တော့မရသေးဘူး။ လေ့ကျင့်နေတာ တွေ့ရတယ်ပေါ့နော်” လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအတွက် လေ့ကျင့်မှုတွေလုပ်ဆောင်နေတဲ့ တပြိုင်တည်းမှာပဲ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယအပတ်ကစပြီး ကချင်၊ ကယား၊ ကရင်နဲ့ ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်းတို့ မှာလည်း လေကြောင်းစစ်ဆင်ရေးတွေစတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးကိုဖိနှိပ်ဖို့ အဓိကအသုံးပြုနေတဲ့ လေယာဉ်တွေမှာ SU-30၊MiG-29၊ JF-17 Thunderနဲ့ Yak -130 တို့ကိုပါ အသုံးပြုလာတာ ဖြစ်ပါတယ်။

လေယာဉ်ကျွမ်းကျင်သူတွေရဲ့ အဆိုအရ SU 30 နဲ့ MIG 29 လေယာဉ်တွေဟာ အနည်ဆုံး ၄ နာရီကနေ ၅ နာရီလောက်အထိ ကြာတဲ့တိုက်ပွဲတွေအတွင်း ပျံသန်းအသုံးပြုနိုင်ပြီး အဲဒီလေယာဉ်တွေဟာ မှော်ဘီကနေ ကချင်ပြည်နယ်ကို ၁နာရီကျော်သာ မောင်းနှင်းရပြီး ရာသီဥတုမရွေးသလို နေ့ရောညဘက်ပါ ဗုံးကြဲတိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

တပ်တွင်းသတင်းတွေအရ စစ်အုပ်စုဟာ ကယား(ကရင်နီ)ပြည်နယ်က KNDF အပါအဝင် ကရင်နီတပ်မတော် (KA)တို့ တပ်တည်နေရာတွေကို အထူးစစ်ဆင်ရေးအနေနဲ့ ဗုံးကြဲတိုက်ခိုက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြောရေး ဆိုခွင့်ရှိသူတစ်ဦးကလည်း စစ်အုပ်စုဟာ အခုနှစ်စပိုင်းကနေစပြီး ကယားပြည်နယ်မှာ ကင်း ထောက်လေယာဉ်တွေ ပိုမိုအသုံးပြုလာတယ်လို့ ဆိုပါတယ်။

“အခုလောလောဆယ်က ပိုများလာတယ်လို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကင်းထောက်တွေပေါ့နော်။ အရင်ဆုံး ကင်းထောက်တွေက ပျံသန်းမှုတွေများတာပေါ့။ ပစ်ခတ်မှုတွေကတော့ ရှိတော့ရှိတယ်။ ထိထိရောက် ရောက်တော့ မဖြစ်သေးဘူး။ စိုးရိမ်နေရတာက ဒီမြေပြင်မှာရှိနေတဲ့ သတင်းအရဆိုရင် သူတို့ကင်းထောက်တွေ ခဏခဏ လွှတ်တော့၊ ပစ်တော့မလားစသဖြင့် စိုးရိမ်မှုတွေကရှိတာပေါ့နော်။ အဲဒီလိုဖြစ်နေပါတယ်” လို့ ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ လေကြောင်းစစ်ဆင်ရေးအအဖြစ် ချင်းပြည်နယ်ရှိ CNA-CDF၊ ကချင် ပြည် နယ်ရှိ KIA၊ ကရင်ပြည်နယ်ရှိKNU တို့ရဲ့ ဌာနချုပ်တွေနဲ့ တပ်နေရာတွေကို တိုက်ခိုက်ဖို့ စီစဉ်နေ ပါတယ်။

စစ်ကောင်စီဟာ လေကြောင်းစစ်ဆင်ရေးအတွက် နေပြည်တော်လေတပ်၊ ရန်ကုန်မှော်ဘီလေတပ်၊ ပုသိမ် လေတပ်၊ မကွေးလေတပ်၊ တံတားဦးလေတပ်၊ မြစ်ကြီးနားလေတပ်၊ မိတ္တီလာလေတပ်တို့ကို အဓိကထားအသုံးပြုနေတာပါ။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း စစ်ကောင်စီဟာ ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ကုန်းသာရွာ ၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ၊ စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာ၊ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့က ပြည်သူတွေရှိတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ အစုံအလိုက် အပြုံအလိုက် သေဆုံးတာတွေ ရှိခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအကြိမ် ၆၅၀ ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.