သရက်ချောင်း – ဖေဖော်ဝါရီ(၂၄)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ၊စော်ဖျားကျေးရွာကို အရက်လာဝယ်တဲ့ စစ်ကောင်စီတပ်သားတွေ ကို ဒေသကာကွယ်ရေးတပ်က ပစ်ခတ်ခဲ့တဲ့အတွက် (၂) ဦးသေဆုံး ခဲ့ပြီး စစ်ကောင်စီဘက်က ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၂) ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်သား(၅) ဦးက ကင်းပတ်ရင်း စော်ဖျားကျေးရွာထဲဝင်လာပြီး အရက်ဝယ်ချိန်မှာ PDF က စတင်ပစ်ခတ်ခဲ့တာပါ။

စော်ဖျားကျေးရွာကို အရက်လာဝယ်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာဘုရားကုန်းမှာ တပ်စွဲ ထားတဲ့သူတွေဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှု (၁၀) မိနစ်ဝန်းကျင်ကြာခဲ့ကာ PDF ဘက်က ပစ်ခတ်ပြီးတာနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သူတို့လူတွေ ထိခိုက်သေဆုံးခဲ့တာကြောင့် ရွာထဲမှာ အလုပ်ကိစ္စနဲ့ သွားနေတဲ့ ဦးထူးကြိုင် ဆိုတဲ့ အသက်(၄၀) ကျော်အရွယ်အမျိုးသားကို ပစ်သတ်သွားတယ်လို့ သူက ပြောပါသေးတယ်။

ဒီနေ့ ဖေဖော်ဝါရီလ(၂၄) ရက်နေ့အထိ စစ်ကောင်စီဘက်က သေဆုံးသွားသူ (၂) ဦးရဲ့ ရုပ်အလောင်းတွေကို လာကောက်တာ မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၇) ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ရငဲရွာကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် ရွာသား (၂) ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမ်မှာ အရပ်သား သေဆုံးမှု (၁၀၉) ဦးအထိ ရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.