မြဝတီ – ဖေဖော်ဝါရီ(၂၃)
ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါ်လေ ဖလူးလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
မနေ့ ဖေဖော်ဝါရီ (၂၂)ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီတပ် ယာဉ်(၃)စီးဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ ဖလူးဝေါ်လေ လမ်းမအတိုင်း ဖြတ်သန်းသွားရာ ကော်ဘရာစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကားပေါ်ကနေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ပြည်သူတစ်ဦး ထိမှန်ပြီး ဦးခေါင်းဒဏ်ရာရရှိသွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြရတဲ့ စစ်ရှောင်ပြည်သူတွေဟာ သောင်ရင်းမြစ်ကမ်းဘေးမှာ ယာယီခိုလှုံနေထိုင်ခဲ့ရပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ တချို့စစ်ဘေးရှောင်တွေဟာ စစ်ရှောင်စခန်းဝင်းထဲကို ပြန်လည်နေထိုင်တာတွေ ရှိနေပြီလို့ စစ်ရှောင်ပြည်သူတွေထံကနေ သိရပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းဟာ လေးကေကော်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ လေးကေကော်ဒေသခံတွေ နေထိုင်နေကြတဲ့ ပလောတပို့စစ်ရှောင်စခန်းဖြစ်ပြီး ဖလူးဝေါ်လေ ကားလမ်းမနဲ့ သောင်းရင်းမြစ်ကမ်းအနီးမှာ ယာယီခိုလှုံနေထိုင်နေကြရတာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ နှစ်ဘက်ပစ်ခတ်မှုတွေ မရှိသေးပေမယ့် စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် KNU တပ်မဟာ ၆ နယ်မြေ စုကလမြို့အနီးရှိ ထိကပလယ်ကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ကရင်လူမှုအဖွဲ့အစည်းထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်