မော်လမြိုင် – ဖေဖော်ဝါရီ(၂၄)
မတူကွဲပြားမှုတွေနဲ့ ညီညွတ်မှုကို အခြေခံတဲ့ နွေဦးတော်လှန်ရေးဟာ မကြာခင် အချိုးအကွေ့တစ်ခု ကိုရောက်ရှိတော့မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၃) ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။
“အုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံကျသော ရပ်ကျေးအုပ်ချုပ်ရေးနဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေး စနစ် များအား ၎င်းတို့ကိုယ်တိုင် ရပ်တည်နိုင်ရန် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကော်မတီအနေနဲ့ ယင်း အုပ်ချုပ်ရေးစနစ်များအတွက် လိုအပ်မှုများ ပံ့ပိုးပေးရန်လိုကြောင်း၊ ဒါမှသာပြည်သူကိုဗဟိုပြု သောအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ရာ ရောက်မှာ ဖြစ်တယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ပြည်သူပိုင်တဲ့ လယ်ယာမြေတွေကို အတင်းအဓမ္မသိမ်းပိုက်ပြီး လက်နက်နဲ့ အနိုင်ကျင့်စော်ကားနေတာတွေကို ကာကွယ်ပေးနိုင်ဖို့၊မြေယာပြဿနာတွေအတွက် တောင်သူ လယ်သမားတွေကို အကာအကွယ်ပေးနိုင်ဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားကြဖို့ လည်း ဝန်ကြီးချုပ်က ပြောပါသေးတယ်။
လက်ရှိအချိန်ဟာ ဆောင်းရာသီကုန်ဆုံးပြီး နွေရာသီဖြစ်တဲ့အတွက် အလယ်ပိုင်း ဒေသတွေမှာ သောက်သုံးရေ ပြတ်လတ်မှု ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့တက်တာကြောင့် လိုအပ်တဲ့ ပြင်ဆင်မှု တွေပြုလုပ်ထားဖို့တိုက်တွန်းထားပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယပြည်ထောင်စုဝန်ကြီးတွေ၊အမြဲတမ်းအတွင်းဝန် တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အဖွဲ့ဝင်တွေ က (၇/၂၀၂၃) မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြီးစီးမှု အခြေ အနေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်နေတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်