နေပြည်တော် ၊ ဖေဖော်ဝါရီ (၂၄)

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေထုတ်ပြန်ပြီး ၃ ပတ်အတွင်း စစ်ကောင်စီ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC) ထံ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတဲ့ နိုင်ငံ ရေးပါတီ ၈ ခုအထိ ရှိလာတယ်လို့ သိရပါတယ်။

စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အပါအ ဝင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) နဲ့ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့ ပါဝင်ပါတယ်။

အဲဒီပါတီတွေဟာ ပြည်ထောင်စုအဆင့် ဒါမှဟုတ် တိုင်းဒေသကြီးနဲ့ ပြည်နယ် ဘယ်အဆင့်တွေမှာ မှတ် ပုံတင်ခွင့် လျှောက်ထားလဲဆိုတာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဘက်က မဖော်ပြထားပါဘူး။

စစ်ကောင်စီဟာ နိုင်ငံရေးပါတီတွေ ဖွဲစည်းနိုင်ဖို့ဆိုပြီး ပါတီမှတ်ပုံတင်ဥပဒေသစ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ပါတီမှတ်ပုံတင်နည်းဥပဒေနဲ့ နိုင်ငံရေး ပါတီတည်ထောင်ခွင့်၊မှတ်ပုံတင်ခွင့်တို့နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကိုလည်း ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထပ်မံကြေညာခဲ့တာပါ။

အဲဒီကြေညာချက်ထုတ်ပြန်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ပါတီဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို ပထမဦးဆုံး လာရောက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေကြောင့် တစ်နိုင်ငံလုံးကို စည်းရုံးမယ့် ပါတီဟာ ရန်ပုံငွေ သိန်းတစ်ထောင်အပြင် ပါတီဝင်ဦးရေ တစ်သိန်း ရှိရမှာဖြစ်သလိုပါတီရုံးခန်းနဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် ပြည့်မီဖို့ အကျပ်အတည်းဖြစ်စေတယ်လို့ နိုင်ငံရေးပါတီတွေက ဆိုကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို တစ်ပြည်လုံး လွှမ်းခြုံနိုင်မယ့် အနေအထားရောက်အောင်ကြိုးစားပြီး စစ်အုပ်ချုပ်ရေး ရေရှည်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေတာလို့ သုံးသပ်ပါတယ်။

“သူတို့ (စကစ) ရည်ရွယ်ချက်ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအာဏာရပြီး တစ်ပြည်လုံးမှာ လွှမ်းခြုံနိုင်တဲ့ အနေအထားရောက်အောင် သူတို့ကြိုးစားနေတာပါ။ အဲဒီကနေတဆင့် ပေါ်ပေါက်လာမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စစ် တပ် ၂၅ ရာခိုင်နှုန်းပူးပေါင်းပြီးတော့ နိုင်ငံတော်အာဏာကို ချုပ်ကိုင်သွားဖို့ပါပဲ။ အဲဒီအနေအထားပေါ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတရာထူးတင်မြှောက်ပြီး စစ်တပ်အုပ်စိုးမှုကို ရေရှည် ဗမာပြည်မှာ ထိန်းသိမ်းသွားနိုင်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ဆောင်ချက်ပါ” လို့ သူက ဆိုပါတယ်။

လုံခြုံရေးမှာလည်း တိုင်းနဲ့ပြည်နယ် ၈ ခုရှိ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ ကြေညာထားတဲ့အတွက် အဲဒီဒေသတွေမှာ ဒီမိုကရေစီလုံးဝမရှိတော့ဘဲ စစ်တပ်အနေနဲ့ စိတ်ကြိုက်လုပ်သွားမှာဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီကြိုးပမ်းနေတဲ့ အထွေထွေရွေးကောက်ပွဲအတွက်အီလက်ထရောနစ်နဲ့ မဲပေးစနစ် အသုံးပြုဖို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။မဲပေးစက် စမ်းသပ်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး စက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု၊ လုပ်ဆောင်နိုင်မှုနဲ့ ဖွဲ့စည်းတည်ဆောက်မှုတို့ကို UEC အဖွဲ့ဝင်တစ်ဦးက စစ်ခေါင်းဆောင်ကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရှင်းလင်းတင်ပြခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်က အဖွဲ့ဝင်တစ်ဦးကတော့ အီလက်ထရောနစ် မဲပေးစနစ်အတွက် စက်ကိရိယာကုန်ကျစရိတ်အပြင် ကော်မရှင်ဝန်ထမ်းတွေနဲ့ လူထုတွေကို အသိပညာပေးမှုတွေ အများကြီးလိုအပ်နေတာကြာင့် ဖြစ်နိုင်ခြေမရှိဘူးလို့ သုံးသပ်ပါတယ်။

“ဒါတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဖြစ်လာနိုင်တဲ့ အခြေအနေလည်း မရှိဘူး။ ဒီဟာပေးဖို့က လျှပ်စစ်မီးရှိရမယ်။ ရွေးကောက်ပွဲရဲ့ကိရိယာပစ္စည်းတွေက နည်းတာမှမဟုတ်တာ။ ပြီးခဲ့တဲ့ ၂၀၁၀ ဖြစ်ဖြစ် ၂၀၁၅ ဖြစ်ဖြစ် အနောက်နိုင်ငံအကူအညီအများကြီးယူပြီး ရွေးကောက်ပွဲ ကျင်းပခဲ့ရတာ။ ၂၀၂၀ မှာလည်း အကူညီတွေ ယူရတယ်။ အဲဒီလိုအကူအညီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပရတာ။ အခုက သူတို့ပြောတဲ့ Electronic မဲပေးတာက အဲဒီဘတ်ဂျက်တွေရော။ နောက်အသိရှိဖို့ ကော်မရှင်ဝန်ထမ်းတွေရော မဲရုံဝန်ထမ်းတွေရော ပြည်သူလူထုရော ပညာပေးရေးတွေ အများကြီးပေါ့။ ဒါတွေက စိတ်ကူးယဉ်ပြီး တစ်နေရာတော့ကွက်ပြီး လုပ်နိုင်တာပေါ့။ အကုန်လုံးတော့ မဖြစ်နိုင်ဘူး”လို့ သူက ဆိုပါတယ်။

အီလက်ထရောနစ် မဲပေးစနစ်နဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ဒီကနေ့အထိ အသေးစိတ်ထုတ်ပြန်ထားတာ မရှိသေးသလို မဲပေးမယ့် စက်ပစ္စည်းကိရိယာ တင်ဒါခေါ်ယူမှုလည်း ကြေညာထားတာ မရှိသေးပါဘူး။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၃ ခုနှစ်အတွင်း အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးကာ ပါတီစုံဒီမိုကရေစီစနစ် အထွေထွေရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်ပေးမယ်လို့ အမြဲလိုလို ပြောဆိုနေတာပါ။

ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွေ ဖယ်နေတဲ့ PR စနစ်ကျင့်သုံးမယ့် ရွေးကောက်ပွဲဟာ လက်ရှိနိုင်ငံရေးအခြေအနေအရ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ ထောက်ပြကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အ စည်း (EROs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ဘူးလို့ အတိအလင်း ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.