မြဝတီ – ဖေဖော်ဝါရီ(၂၄)

စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရတဲ့ တပ်မဟာ(၆)နယ်မြေအတွင်းရှိ KNLA တပ်ရင်း(၁၀၃)ဌာနချုပ်ကို KNDO ပူးပေါင်းတပ်ဖွဲ့က ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးတဲ့နောက် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့တောင်ပိုင်းရှိ ကရင် အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၁၀၃)ဌာနချုပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့ မွန်းလွဲပိုင်းက တပ်အင်အား(၅၀)ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဝေါ်လေဗျူဟာကုန်းကနေတစ်ဆင့် ဝင်ရောက်လာခဲ့ပြီး စီးနင်းမီးရှို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ KNLA (၁၀၃)တပ်ရင်းဌာနချုပ်ကို ဝင်ရောက်စီးနင်းနေရာယူပြီးတဲ့နောက် ကော်သူးလေတပ်မတော် KTLA ဗဟိုစစ်ဌာနချုပ်ရုံးဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေလုပ်ဆောင်နေပေမယ့် ထိခိုက်မှုမရှိဘူးလို့ KTLA ဗဟိုစစ်ဌာနချုပ်ပြော ရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

စီးနင်းခံရတဲ့စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO လုံခြုံရေးတပ်ရင်း(၈) တပ်ဖွဲ့ နဲ့ အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတိုက်ခိုက်မှုတွေနဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီ (၂၂)ရက်နေ့ နေ့လည် (၁၂)နာရီအချိန်ခန့်မှာ တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က KNLA တပ်ရင်း(၁၀၃)ဌာနချုပ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်တဲ့ဖြစ်စဉ်မှာ KNLA ဘက်က ထိခိုက်ဒဏ်ရာရရှိမှုက မရှိဘဲ တပ်ရင်းရုံးရှိ ကားနဲ့ဆိုင်ကယ်တို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ တပ်မဟာ(၆)နယ်မြေ ဝေါ်လေဒေသအတွင်းမှာ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်တို့အကြား စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မော်ခီး ၊ ဥကရစ်ခီး ၊ ထီးကပလယ်၊ ပနွဲ့ဖိုးကလိုး၊ ထီးသဲလယ် စတဲ့ကျေးရွာ(၁၀)ရွာ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Federal Wings

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.