ရန်ကုန် – ဖေဖော်ဝါရီ(၂၄)
ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ်မှာ ဒီနေ့ဖေဖော်ဝါရီလ(၂၄) ရက်နေ့ မနက်ပိုင်းက CB ဘဏ်ကနေ ငွေထုတ်လာသူတွေဆီက ငွေသိန်း(၃၀၀၀) လုယက်ခံလိုက်ရတယ်လို့ ဒေသခံတွေ ကသံလွင်တိုင်းမ် ကိုပြောပါတယ်။
ငွေလုခံရသူတွေဟာ ယုံရှင်းငွေလွှဲလုပ်ငန်းက လူတွေဖြစ်ပြီ ဆာကူရာတာဝါမှာရှိတဲ့ CB ဘဏ်ကနေ ငွေထုတ်ပြီး ပြန်ချိန်မှာ လူ(၅)ဦးလောက်က ဓားတွေနဲ့ လုယက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
“ ငွေထုတ်တာကိုသိပြီး လုသွားတဲ့ပုံစံထင်တယ်။ ပိုက်ဆံက ပီနံအိတ်(၂)လုံးနဲ့ ထည့်ထားတာအကုန် ပါသွားတယ်” လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် ငွေလုယက်သူတွေဟာ ကားပေါ်မှာပါလာတဲ့ ကားသမားနဲ့ စာရေးမကို ဓားထောက်လုယူ သွားတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
ငွေလုယက်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအချိန်ထိ လုယက်သူတွေကို ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ နေရာဟာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ လုံခြုံရေးချထားတဲ့ ရန်ကုန်မြို့တော်ခန်းမ အနီးမှာရှိတဲ့ နေရာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်