ကော်သူးလေ၊ ဖေဖော်ဝါရီ(၂၃)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအားလုံးမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အ တွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့(၂)နှစ်နဲ့ (၁)လတာအတွင်း KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခရိုင်(၇)ခုထဲမှာနေထိုင်တဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက် ခိုက်မှုပေါင်း (၃၀၇)ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက် ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေသာဖြစ်ပြီး KNU လက်အောက်ခံ တပ်ပိုင်းဆိုင်ရာနေရာတွေဘက်ကို လာရောက်တိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကိုတော့ ထည့်သွင်းရေတွက်ထားခြင်းမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သားပြည်သူ(၃၆)ဦး သေဆုံးပြီး (၅၇)ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကာ နေအိမ်(၂၅၈)လုံး၊ စာသင်ကျောင်း (၁၂) ကျောင်း၊ ဆေးရုံ (၆) ရုံ၊ ပြည်သူပိုင်အဆောက် အ ဦး (၃၅) လုံး၊ ဘုန်းကြီးကျောင်း (၄) ကျောင်း၊ သီလရှင်ကျောင်း (၁) ကျောင်း၊ ခရစ္စယာန်ဘုရားကျောင်း (၈) ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

KNU နယ်မြေအတွင်း စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက် ခိုက်မှု အသေးစိတ်အချက်အလက်တွေကို ကရင်အမျိုးသားအစည်းအရုံး KNU က မကြာခင်ထုတ်ဝေမယ့် လူ့အခွင့်အရေးအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြသွားမယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.