သံတောင်၊ ဖေဖော်ဝါရီ(၂၂)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)နယ်မြေအတွင်းရှိ သံတောင်မြို့ ၁၃ မိုင်နဲ့ လိပ်သိုမြို့မှာ ဖေဖော်ဝါရီ၂၂ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခတ်တာနဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ကလေး(၁)ဦးအပါအဝင် အရပ်သား(၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ခရစ်ယာန်ဘုရား ရှိခိုးကျောင်းနဲ့ နေအိမ်အဆောက်အဦး၊ ကား၊ ဆိုင်ကယ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဒေသ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖေဖော်ဝါရီ(၂၁)ရက်နေ့ မနက်အစောပိုင်းမှာ KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ကရင်ပြည်နယ် လိပ်သိုမြို့မှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လိပ်သိုမြို့ထဲကို ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
ဒီလိုပစ်ခတ်မှုကြောင့် လိပ်သိုမြို့ထဲမှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း(၁)ကျောင်းနဲ့ နေအိမ်(၁၀)လုံးအထက် ထိခိုက်ပျက်စီးသွားခဲ့ပြီး ကလေး(၁)ဦးနဲ့ အသက်(၂၀)အရွယ် အမျိုးသား(၁)ဦးတို့လည်း ဒဏ် ရာအပြင်းအထန် ရရှိသွားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း လိပ်သိုမြို့ထဲမှာ စစ်ကောင်စီတပ်က တစ်အိမ်တက်တစ်အိမ်ဆင်းပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ဒါ့အပြင် ဖေဖော်ဝါရီ(၂၂)ရက်နေ့ မနက်ပိုင်းကလည်း သံတောင်မြို့ ၁၃ မိုင်မှာ အပြန်အလှန်ပစ်ခတ်သံတွေ ထွက်ပေါ်နေပြီးနောက် စစ်ကောင်စီတပ်က ရပ်ကွက်(၅)ဟောင်းနဲ့ ရပ်ကွက်(၁)ဘက်တွေမှာ ဝင်ရောက်မီးရှို့ခဲ့ တဲ့အတွက် နေအိမ်(၅)လုံး၊ ကား(၁)စီး၊ ဆိုင်ကယ်(၂)စီးတို့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သံတောင်မြို့ ၁၃ မိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာ၊ နေအိမ်တွေမီးရှို့ဖျက်ဆီးတာတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ့ နေ အိမ်အများ အပြား မီးလောင်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူအများအပြားဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
လိပ်သိုမြို့မှာလည်း ပြီးခဲ့တဲ့နှစ်ရက်ကလည်း KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား မိုင်းလွန်ရွာဘက်မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ထားချက်အရ ကော်သူးလေအုပ်ချုပ်နယ်မြေ တောင်ငူခရိုင် တပ်မဟာ(၂)အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၇)ရက်နေ့က စစ်ကောင်စီရဲ့ ခမရ(၆၀၄)တပ်က ပြည်သူလူထုပိုင်ဆိုင်တဲ့ နေအိမ်(၂)လုံးကို မွှေနှောက်ရှာဖွေပြီး ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်