သာယာဝတီ – ဖေဖော်ဝါရီ(၂၂)

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ဂွေးချောင်းရွာအနီး ရန်ကုန်-ပြည်ကားလမ်းမပေါ်မှာ ရိုဟင်ဂျာ (၃၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရိုဟင်ဂျာ အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

သူတို့တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က ရန်ကုန်-ပြည်ကားလမ်းပေါ်က စစ်ဆေးရေး ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ အမျိုးသား(၂၈)ဦးနဲ့ အမျိုးသမီး(၄)ဦးပါဝင်ပြီး သူတို့ဟာ မလေးရှားနိုင်ငံကိုထွက်ခွာဖို့ ရခိုင်ပြည်နယ်ကနေတဆင့် ရန်ကုန်မြို့ကို ထွက်လာစဉ် လမ်း မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာတွေကို သုံးဆယ်မြို့ကရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲမယ်ဆိုတာတော့ မသိရသေးဘူးလို့ ရိုဟင်ဂျာ အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင်အာဏာသိမ်းစစ်ကောင်စီက ရိုဟင်ဂျာတွေကို ဖမ်းဆီးပြီးနောက်ပိုင်း လူဝင်မှုကြီးကြပ် ရေးဥပဒေ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ- ၆(၂)၊၆(၃) နဲ့ တရားစွဲပြီး ထောင်(၂) နှစ်ကနေ (၅) နှစ်အထိ ချမှတ်လေ့ရှိတယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၉) ရက်နေ့ကလည်း မလေးရှားနိုင်ငံကို ထွက်ခွာဖို့ကြိုးစားနေတဲ့ ရိုဟင်ဂျာ (၄၀)ဦးကို မွန်ပြည်နယ်၊ မုဒုံမြို့ ဝဲကလိကျေးရွာမှာ စစ်ကောင်စီက ဖမ်းဆီးထားပါသေးတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေကနေ နေရပ်စွန့်ခွာလာတဲ့ ရိုဟင်ဂျာနှစ်ထောင်နီးပါးဖမ်းဆီးခံထားရပြီး အဲဒီထဲက လေးရာကျော်ဟာ လ.ဝ.က ဥပဒေတွေနဲ့ ထောင် (၂) နှစ်ကနေ (၅) နှစ်အထိချမှတ်ခံထားရတယ် လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.