ရန်ကုန် ၊ ဖေဖော်ဝါရီ (၂၂)
စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လာရောက်လျှောက်ခွင့် ကြေညာပြီးနောက်ပိုင်း နိုင်ငံရေးပါတီတချို့ဟာ ပြည်ထောင်စုအဆင့်မှာ မှတ် ပုံတင်ခွင့်ရဖို့ ကြိုးပမ်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ကန့်သတ်ချက်တွေဟာ ပြည်ထောင်စုတဝန်းလုံးကို စည်းရုံးမယ့် ပါတီအတွက် ရန်ပုံငွေအပြင် ပါတီဝင်အင်အား၊ ပါတီရုံးခန်းနဲ့ ကိုယ်စားလှယ်လောင်းအရေ အတွက် ပြည့်မီဖို့ အကျပ်အတည်းဖြစ်စေတယ်လို့ နိုင်ငံရေးပါတီတွေက ဆိုကြပါတယ်။
ဒါပေမယ့် ဒီလိုအခက်အခဲအကျပ်အတည်းတွေရှိနေသည့်တိုင် တစ်နိုင်ငံလုံးကို စည်းရုံးနိုင်ရေး ပြည် ထောင်စုအဆင့်အဖြစ် ပါတီမှတ်ပုံပြန်တင်ဖို့ ကြိုးပမ်းနေကြတဲ့ နိုင်ငံရေးပါတီတွေလည်း ရှိနေတာပါ။
ပြည်ထောင်စုအဆင့် ပါတီမှတ်ပုံတင်လျှောက်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီး သံ လွင်တိုင်းမ်က လက်လှမ်းမီသလောက် ဆက်သွယ်မေးမြန်းရာမှာ ပါတီသုံးခုထက်မနည်းရှိနေပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ကတော့ အခုလကုန်မှာ ပြည်ထောင်စုအဆင့် ပါတီမှတ်ပုံတင်ဖို့ ကြိုးစားသွားမယ်လို့ ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
” ပြည်ထောင်စုအဆင့်မှာ တင်မယ်။ ကျွန်တော်တို့က ဖြစ်အောင်ကြိုးစားမှာပေါ့။ ကျွန်တော်တို့က ပြည်သူ့အကျိုးကို ဆောင်ရွက်ချင်တယ်ဆိုတော့ ဖြစ်အောင်တော့ ကြိုးစားပြီးလုပ်ရမှာပေါ့။ ဒီလကုန်လောက်ဆို တင်မှာပါ” လို့ သူက ဆိုပါတယ်။
ကျားဖြူပါတီလို့ခေါ်ဆိုကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (SNDP) ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ရှမ်းနဲ့ကချင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းပြည်နယ်၊မိုင်းပန်မြို့နယ် မဲဆန္ဒနယ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်နေရာတည်းသာ အနိုင်ရခဲ့တာပါ။
နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ရင် ပါတီမှတ်ပုံ တင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံးတစ်သိန်းရှိရမှာဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်လှစ်ရမယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် လွှတ်တော်အရပ်ရပ်ရှိ မဲဆန္ဒနယ်ရဲ့ ထက်ဝက်မှာ ဝင်ပြိုင်ရမှာဖြစ်သလို ရက်ပေါင်း ၁၈၀ အ တွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ အနည်းဆုံးမြို့နယ်ထက်ဝက် ၁၆၅ ခုမှာ ပါတီရုံးခန်းဖွင့်လှစ်ရမယ်လို့ ပြဌာန်းထားတာပါ။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကလည်း နဝမကြိမ်မြောက် ဗဟိုဦးစီးကော်မတီအစည်း အဝေးကနေ ပြည်ထောင်စုအဆင့် ပြန်လည်မှတ်ပုံတင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ပါတီကနေ သိရပါတယ်။
ပါတီမှတ်ပုံတင်ဥပဒေပါ ကန့်သတ်ချက်တွေဟာ နိုင်ငံရေးပါတီတိုင်းကို အခက်အခဲဖြစ်စေတဲ့အတွက် မိတ် ဆွေပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ NDFပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ထက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပါတီ ၂ ခုပေါင်းသွားတာမျိုး မဟုတ်ပါဘူးခင်ဗျ။ကျွန်တော်တို့ပါတီက ကျွန်တော်တို့ မူဝါဒရှိနေတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းချင်တဲ့ ပါတီတွေရှိမယ်။ တချို့ဆို ပြည်ထောင်စုအဆင့်မပြိုင်တော့ဘူး။ အဲဒီတော့ ပါတီဝင်တွေက ပြည်နယ်မှာ ကိုယ်စားပြုမယ်ဆိုရင် သူတို့လူတွေက သူတို့ရဲ့ပါတီဝင်တွေ၊ အင် အားတွေက ရန်ကုန်လိုနေရာမျိုး အခြားပြည်နယ်နဲ့တိုင်းတွေမှာ ရှိနေတယ်။ အဲဒီလို အင်အားတွေ ကျွန်တော်တို့ဆီဝင်မယ်၊ ပါတီမှာ ဝင်ပြိုင်မယ်။ ပါတီဝင်တွေလည်း ရမယ်၊ ကိုယ်စားလှယ်တွေလည်း ကျွန်တော်တို့ဆီ ခွဲတမ်းတွေယူမှာပေါ့ဗျာ။ အဲဒီလို ညှိနှိုင်းပြီး လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။
တစ်ဖက်မှာတော့ ပုံမှန်မဟုတ်တဲ့အခြေအနေကြောင့် အရေးပေါ်ကာလသက်တမ်း ၆ လ ထပ်တိုးယူ ထားတဲ့ စစ်ကောင်စီက မြို့နယ် ၁၃၂ ခုကို လုံခြုံရေး ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ဝန်ခံထားတာပါ။
နိုင်ငံရေးပါတီအများစုကတော့ သာမာန်မဟုတ်တဲ့အခြေအနေမှာ ပြည်ထောင်စုတဝန်းလုံးစည်းရုံးမယ့် ပါတီအနေနဲ့ မြို့နယ် ၁၆၅ ခုမှာ ပါတီရုံးခန်းဖွင့်လှစ်ဖို့နဲ့ သတ်မှတ်ပါတီဝင်ဦးရေရရှိဖို့ စည်းရုံးနိုင်မယ့်အခြေအနေဟာ အကျပ်ရိုက်စေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေနဲ့ ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီအတွက် စိန်ခေါ်မှုများ စွာရှိနေပေမယ့် ပြည်ထောင်စုအဆင့် အချိန်မီပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်တွေ လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၅ ခုသာ ရှိနေ သေးတာပါ။
အဲဒီပါတီတွေဟာ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် ဘယ်အဆင့်တွေမှာ မှတ်ပုံတင်ခွင့် လျှောက်ထားလဲဆိုတာ စစ်ကောင်စီကော်မရှင်ဘက်က မဖော်ပြထားပါဘူး။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မ ၂၅ အရ တည်ဆဲနိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေပြဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ထံ မှတ်ပုံတင်ရမှာဖြစ်ပြီး အဲဒီလို မှတ်ပုံမတင်ရင် နိုင်ငံ ရေးပါတီအဖြစ်ကနေ အလိုလိုပျက်ပြယ်တယ်လို့ ပြဌာန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်