ထားဝယ်၊ ဖေဖော်ဝါရီ(၂၂)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတယ်လို့ ထားဝယ်အရှေ့တော PDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး ထားဝယ်အရှေ့တောဒေသရှိ ဝကုန်း၊ သင်္ကန်းတုံးကျေးရွာအနီးနဲ့ ဘဲမတပ်တောင်ကြောတွေကို တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၈ ရက်နေ့ အထိ ၄ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အနည်ဆုံး ၈ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း(၁)၊ ဥသြစစ်ကြောင်း ထား ဝယ်မြို့နယ်က ရဲဘော်ဘိုဘို ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သင်္ကန်းတုံးတိုက်ပွဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့သလို ဒေသခံ က လေးငယ် ၁ ဦး ဒဏ် ရာရရှိခဲ့ပါတယ်။

လတ်တလောမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပကာရီနဲ့ မေတ္တာမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားခဲ့ပေမယ့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတာပါ။

ထားဝယ်အရှေ့တောဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေ လအတန်ကြာ ငြိမ်သက်ခဲ့ပေမယ့် အခုအခါမှာတော့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.