မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၂)

ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ဘားအံ အာရှလမ်းမကြီးတလျှောက်မှာ စစ် ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံမှု ပိုမိုဆိုးရွားလာတယ်လို့ ကုန်သည်တွေနဲ့ ကုန်တင်ကားမောင်းသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ မြဝတီ-ဘားအံအာရှလမ်းမကြီးမှာ မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လုံ ခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ထားပြီး ကုန်တင်ကားတွေနဲ့ ခရီးသွားကားတွေအပေါ် ငွေကြေးအဆမတန် တောင်းယူတာတွေ လုပ်ဆောင်နေတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ အာရှလမ်းတစ်လျှောက်မှာ နယ်ခြားစောင့်တပ် BGF စစ်ဆေးရေးဂိတ်တွေကို တိုးချဲ့ဖွင့်လှစ်ခွင့်ပေးအပ်ထားပြီး အရင်ကထက် ငွေကြေး (၂)ဆ တောင်းခံမှုတွေရှိသလို သူတို့ တောင်းသလောက် ကားသမားတွေအနေနဲ့ မဖြစ်မနေပေးဆောင်နေရတယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

“အဲဒါကတော့ နေရာတိုင်းမှာဘဲ၊ ပြီးရင် နယ်ခြားစောင့်တပ်တွေ ထားလိုက်တဲ့အခါကျတော့ အရင်တုန်းက တပ်တွေကတစ်ကျပ်ယူရင် သူတို့ကနှစ်ကျပ်ဖြစ်သွားပြီ။ အရင်တုန်းက (၅၀၀၀)ဂိတ်ကနေ အခု (၁၀၀၀၀) ဂိတ် ဖြစ်သွားပြီ။ အဓိကတော့ နယ်ခြားစောင့်တပ်တွေ အဲဒီမှာချလိုက်တဲ့အခါကျတော့ အရင်ကထက်စာရင် ပိုပြီးတော့ တောင်းကြတာပေါ့။ နယ်ခြားစောင့်တပ်ကျတော့ တပ်နယ်တွေထားတဲ့အခါ လစာလည်း မရှိဘူး လေ။ သူတို့ ရိက္ခာလည်း မရှိဘူး။ ဒီမှာချထားတဲ့ထဲကနေပဲ ကားသမားတွေဆီကပဲ သူတို့ကတောင်းစားတော့တာပေါ့။ တောင်ပေါ်လမ်းမှာဆိုရင် အများကြီးဘဲ ဖြစ်လာတယ်။ ဒီလမ်းကို အပိုင်စားပေးလိုက်တဲ့ သဘောပေါ့ကွာ၊ ကားသမားတွေကလည်း ပေးရတာဘဲ။ မပေးဘဲ ဘယ်သူမှမနေရဲဘူး။ ဘာလို့ဆိုတော့ ကိုယ့်လက်ထဲမှာ ဘာမှမရှိဘူးလေ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေက ငွေကြေးတောင်းခံတဲ့ နေရာမှာလည်း ဂိတ်တစ်ခုနဲ့တစ်ခု နှုန်းထားမတူဘဲ သူတို့လိုရင် လိုသလောက် တောင်းခံလေ့ရှိပြီး သူတို့တောင်းခံတဲ့ နှုန်းထားအတိုင်း မပေးပါက ဖမ်းဆီးအရေးယူမယ်ဆိုပြီး ခြိမ်းခြောက်အကျပ်ကိုင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မြဝတီ-ဘားအံ-မော်လမြိုင် အာရှလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ် ၂၀ ထက်မနည်း ဖွင့်လှစ်ထားသလို စစ်ဆေးရေးဂိတ်တွေအပေါ် မူတည်ပြီး ကားတစ်စီးကို ကျပ် ၂၀၀၀၀ ကနေ ၅၀၀၀၀ လောက်အထိ ပေးဆောင်နေရတာပါ။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေရတာကြောင့် ကားပြေးဆွဲဖို့ မကိုက် တော့တဲ့အတွက် ရပ်နားမယ့်အခြေအနေအထိ ရောက်ရှိလာတယ်လို့ ကုန်တင်ကားမောင်းသူတစ်ဦးက ပြောပါတယ်။

“မော်လမြိုင်နဲ့ မြဝတီ ဆိုရင်တော့ (၂၀) ကျော်လောက်တော့ ရှိတယ်။ အများဆုံးကတော့ ကော့ကရိတ်ကျော် လာရင် ပိုများလာတယ်။ BGFတွေက တော်တော်တောင်းလာတယ်။ (၂)ယောက်တစ်ဖွဲ့ဆိုရင် (၃၀၀၀၀)။ တစ်ခါတလေကျရင်လည်း ဒီဘက်ကို ရောက်ရင် (၅၀၀၀၀) (၂၀၀၀၀)၊ (၅၀၀၀) ဟာ အနိမ့်ဆုံးဘဲ။ ကား တွေက ပြေးစားရမှာတောင်မှ မကိုက်တော့ဘူး။ ရပ်ကို ထားရတော့မယ့် ကိန်းကို ပေါက်နေတော့တာ။ အ ကုန်လုံးဟာ လက်နက်ရှိလို့သာ ကြောက်နေရတာကိုဗျ။ ကျပ်တာတွေက များတယ်ဗျာ။ နောက်ပြီးတော့ ပိုက် ဆံမပေးရတာလည်း မဟုတ်ဘူး၊ ပေးရတာပဲ၊ ပိုက်ဆံပေး တော့လည်းလွတ်တာပဲ။ ရက်တွေထောက်တယ်၊ ကြာတယ်ပေါ့ဗျာ၊ ကုန်ဈေးနှုန်းတွေက တက်လာတာပေါ့ဗျာ။ ကားတွေက ဟိုနားပိတ်၊ ဒီနားပိတ်ပေါ့ဗျာ”လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံမှုတွေ များလာတဲ့အတွက် ကုန်ပစ္စည်း သယ်ယူပို့ ဆောင်တဲ့နေရာမှာ အရင်ကထက် ကုန်ကျစရိတ်ပိုမိုများပြားလာသလို စက်သုံးဆီဈေးနှုန်းမြင့်တက် နေတာကြောင့်လည်း ဈေးကွက်အတွင်း ကုန်ပစ္စည်းဈေးနှုန်း ပိုမိုမြင့်တက်လာတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်ဆေးရာမှာလည်း ကြန့်ကြာမှုတွေရှိနေတာကြောင့် ကုန်စည်စီးဆင်းအပေါ် သက်ရောက်မှု ကြီးမားနေသလို ဈေးကွက်အတွင်း ကုန်ပစ္စည်းအချိန်မီမရောက်တဲ့ ပြဿနာနဲ့ပါ ထပ်မံရင်ဆိုင်နေရတာပါ။

ထိုင်းနိုင်ငံဟာ အာရှလမ်းမကြီးကိုအသုံးပြုပြီး မြဝတီကုန်သွယ်ရေးဇုန်ကနေ မြန်မာနိုင်ငံကို စား သောက်ကုန်၊ အထည်အလိပ်၊ အလှကုန်၊ စက်ယန္တရားအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေကို အဓိကတင်သွင်းနေတာဖြစ်ကာ မြန်မာနိုင်ငံကလည်း ထိုင်းနိုင်ငံထဲကို ပြောင်း၊ ဆန်ကွဲ၊ ရေ ထွက်ကုန်နဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.