ကော်သူးလေ၊ ဖေဖော်ဝါရီ(၂၁)

ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက် နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အခုနှစ် ပညာသင်နှစ်အတွင်းမှာ စာသင်ကျောင်း ၁၂ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD အတွင်းရေးမှူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲ စစ်ကောင်စီတပ်နဲ့ KNLA KNDO တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက် ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အခုပညာသင်နှစ်ထဲမှာ စာသင်ကျောင်း ၁၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ ဆရာမတွေလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD အတွင်းရေးမှူး ပဒိုစောလောအယ်မူးက အခုလိုပဲပြောပါတယ်။

“ ကျွန်တော်တို့ ကြေးနန်းတွေအားလုံးတော့ မရဘူးလေနော့။ အချက်အလက်တွေ အားလုံးမရဘူး။ ဒါပေမဲ့ ကျွန်တော်တို့သိရသလောက်တော့ လေယာဉ်ပျံရော၊ လက်နက်ကြီးရော။ တချို့က နည်းနည်း ပါးပါး ပျက်တာလည်းရှိတယ်။ ထိခိုက်မှုကနည်းပါတယ်။ ဘာဖြစ်လဲဆိုတော့ ထွက်ပြေး၊ ထွက်ပုန်းကြတယ်လေ။ ရွာထဲမှာ လူကမရှိတော့ ထိခိုက်သေကျေမှုက နည်းတာပေါ့ “လို့ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ပညာသင်ယူနေရတဲ့ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမတွေဟာ ရှောင်တိမ်းနေရတာတွေရှိနေပြီး စာဆက်လက်သင်ကြားဖို့ အဆင်မပြေမှုတွေနဲ့ ကြုံနေရတာပါ။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျောင်းသူ၊ကျောင်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ အများကြီးရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပဒိုစောလောအယ်မူက ဆိုပါတယ်။

“အဆောက်အအုံထဲမှာ စာမသင်ရတော့လည်း ဗုံးခိုကျင်းထဲမှာ၊ တောထဲမှာ စာသင်ခဲ့ရတာ အများကြီးခက်ခဲတာပေါ့။ စာသင်တာ စာရေးတာ အဆင်မပြေတာပေါ့။ ဒါတွေလည်းရှိတာပေါ့။ စိတ်ပိုင်းဆိုင်ရာက အများကြီး ထိခိုက်မှုရှိတာပေါ့နော်။ ဖိစီးမှုတွေပေါ့။ ကလေးတွေက စာသင်ဖို့လမ်းကိုထွက်လာမယ်ဆိုရင်လည်း လက်နက်ကြီးက ဘယ်အချိန်ကျမယ်ဆိုတာမသိတော့ အချိန်တိုင်းပဲ၊ နေ့တိုင်းပဲ သတိနဲ့နေနေရတယ်ဆိုတော့ ဒါ ဖိစီးမှုရှိတယ်။ ပြီးတော့ ရွှေ့ပြောင်းပြီး နေနေမှရတယ်ဆိုတော့ ပစ္စည်းကိရိယာတွေ၊ ပျက်စီးတာတွေလည်းရှိတော့ သင်ကြားမှုပိုင်းဆိုင်ရာ ကွာလတီလည်း ထိခိုက်မှုရှိတယ်ပေါ့။ ဆရာ ဆရာမတွေရဲ့ စားနပ်ရိက္ခာ မလွယ်ဘူး။ စားရေး၊ သောက်ရေး၊ နေရေးထိုင်ရေးလည်း ကောင်းကောင်းမွန်မွန်မရရှိဘူး။ ခက်ခဲမှုတွေ ရှိတာပေါ့ “ လို့ ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ဘာသာရေးအဆောက်အဦး၊ နေအိမ်အဆောက်အဦးတွေနဲ့ စာသင်ကျောင်းတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေပြီး ဒီလိုတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုံ့ချတယ်လို့ ကရင်အမျိုးသားအစည်းရုံး KNU ဌာနတစ်ခုဖြစ်တဲ့ KECD အတွင်းရေး မှူးက ပြောဆိုပါတယ်။

ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD လက်အောက်မှာ စာသင်ကျောင်းပေါင်း(၁၂၀၀)ကျော်ရှိပြီး ကျောင်းသားကျောင်းသူဦးရေ တစ်သိန်းကျော် တက်ရောက်သင်ကြားနေတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ထားချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိသူတွေထဲမှာ ကျောင်းသားကျောင်းသူလည်း ပါဝင်ကြောင်းနဲ့ ဒါပေမယ့် အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။

ဒါ့အပြင် အခုလ ဖေဖော်ဝါရီလအတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းမှာ စာသင်ကျောင်းအပါအဝင် နေအိမ်အဆောက်ဦးတွေလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ KNU ထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.