မော်လမြိုင် – ဖေဖော်ဝါရီ(၂၀)
စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် အတူတကွ လက်တွဲဆောင်ရွက်သွားမယ်လို့ (၇၅) နှစ်မြောက်စိန်ရတု ချင်းအမျိုးသားနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ(၂၀) ရက်နေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် ပေးပို့ တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို မြစ်ဖြတ်ချေမှုန်းဖို့ အတူတကွ လက်တွဲပြီး “တသံတည်းညီ တချီတည်းရုန်း” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးစားလျှောက်လှမ်းကြဖို့ ချင်းလူမျိုးအားလုံးကို တိုက် တွန်းခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့တော်လှန်ရေးနဲ့ ပြည်သူတွေရဲ့ ဘုံပန်းတိုင်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ကိုယ်ပိုင် ပြဌာန်းခွင့်၊တန်းတူရေးနဲ့ တရားမျှတမှု အပြည့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို ထူထောင်မှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားပါတယ်။
ချင်းအမျိုးသားတွေဟာ ကိုလိုနီလက်အောက်မကျရောက်ခင်က ကိုယ်ပိုင်အုပ်ချုပ်မှု၊ကိုယ်ပိုင် ယဉ်ကျေးမှုစာပေ၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းတွေနဲ့ သမိုင်းအစဉ်အလာ ကြီးမားစွာ နေထိုင်ခဲ့သူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗြိတိသျှကိုလိုနီနယ်ချဲ့ကို ခုခံတွန်းလှန်တဲ့ အချိန်ကစပြီး ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးကာ တောင်တန်းပြည်မ အတူတကွ လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ အထိ ချင်းလူမျိုးတွေရဲ့ ရဲရင့်မှု၊ စွန့်လွှတ် အနစ်နာခံမှုတွေဟာ သမိုင်းမှာ ဂုဏ်ရောင်ပြောင်စွာ စွဲထင်ကျန်နေတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်