ကော့ကရိတ်၊ ဖေဖော်ဝါရီ(၂၁)
စစ်တပ်အာဏာသိမ်းမှုအလွန် ၂ နှစ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာမှာ စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင်အင်အား နည်းပါးလာသလို တိုက်ပွဲကြောင့် တပ်သားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာ ပျက်စီးယိုယွင်းမှု မြင့်တက်လာတယ်လို့ CDM ဗိုလ်ကြီးနဲ့ စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော် လှန်ရေး တပ်ဖွဲ့တွေဟာ သုတေတနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmarရဲ့ အချက်အလက်တွေအရ ၅၇၇ ဖွဲ့ထက်မနည်း ရှိလာတယ်လို့ သိရပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တိုင်းနဲ့ပြည်နယ်ရှိ မြို့နယ် ၄၄ ခုအတွင်း စစ်ကောင်စီဘက်က တပ်မ ၈ ခုရဲ့ လက်အောက်ခံတပ်တွေရှိနေပြီး တော်လှန်ရေးအင်အားစုတွေဘက် တပ်ရင်း၊တပ်ဖွဲ့၊စစ်ကြောင်း ၁၀၇ ခု ထက်မနည်း လှုပ်ရှားနေတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က ဆိုပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီတပ်အင်အားရဲ့ ပင်ပရေသောက်မြစ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ PDF တွေ နေရာအနှံပေါ်နေတာကြောင့် တပ်သားသစ် ဖြည့်တင်းဖို့ အင်အားနည်းသွားပြီလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်းက ထောက်ပြပါတယ်။
“တပ်ကအာဏာလွှဲယူပြီးတဲ့နောက်ပိုင်းမှာ အခြေအနေက ပိုဆိုးလာတာပေါ့။ အရင်တုန်းကတော့ သူတို့ရဲ့ တပ်သားရေသောက်မြစ်က ဗမာလူမျိုးတွေအများစုနေတဲ့ စစ်ကိုင်းတို့၊ မကွေးတို့ အဲဒီဒေသတွေ ပါတာပေါ့။ အခုက အဲဒီဒေသတွေမှာ နစကဆန့်ကျင်ရေး PDF တွေက နေရာအနှံ့မှာ ပေါ်ပေါက်လာတဲ့အခါကျတော့ သူတို့တပ်သားရေသောက်မြစ်က တော်တော်လေးနည်းသွားပြီဆိုတာ မှန်းလို့ရတယ်” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အညာဒေသလို့ ခေါ်ဆိုကြတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ဟာ စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး မြေပြင်သပိတ်လှုပ်ရှားမှုတွေ ဆက်ရှိနေသလို ဒေသကာကွယ် ရေးတပ်ဖွဲ့ တွေကလည်း စစ်ကောင်စီတပ်ကို ခုခံတော်လှန်မှု အားကောင်းနေတာပါ။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်တဲ့ စစ်သား ၄၀၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၉၀၀၀ ဝန်းကျင်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင်ကလည်း ၂၀၂၃ နှစ်ဦးပိုင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က ထိုးစစ်အသွင်စလာပြီး စစ်ကောင်စီဘက်က ခံစစ်အနေအထားဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။
“၂၀၂၃ ရဲ့ နှစ်ဦးပိုင်းကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဘက်က ထိုးစစ်အသွင်စလာတာ တွေ့ရပြီး သူကတော့ (စကစတပ်) ခံစစ်အနေအထားပေါ့။ သူ့တပ်မှာ အင်အားတွေ မရှိတဲ့အခါကျ သူ့တပ်တွေ ရှေ့ တန်းတွေမှာ ထုတ်နှုတ်နိုင်တဲ့အခြေအနေ မတွေ့ရဘူး။ ဒါကြောင့်ပဲ ပျူစောထီးတွေ မွေးတယ်။ အခုနောက်ဆုံးဆိုရင် လက်နက်ကိုင် ဥပဒေပါ ပြဌာန်းလိုက်တယ်။ ဆိုတော့ ဒါကလည်း သူ့လူတွေကို အကာအကွယ်မပေးနိုင်တော့ဘူးဆိုတဲ့ အခြေအနေ။ တိုင်းပြည်မှာ လုံခြုံရေးကို မထိန်းသိမ်းနိုင်တဲ့ အခြေအနေကို သူဖော်ပြနေတာပဲ”လို့ သူက ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာမှာ ကော် သူးလေအုပ်ချုပ်နယ်မြေထဲ ကရင်အမျိုးသားလွတ်မြေက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၈၀၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၅၅၀၀ ကျော် ရှိခဲ့တယ်လို့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း အွန်လိုင်းပေါ် ပေါက်ကြားလာတဲ့ လျှိုဝှက်စာအရ အရှေ့တောင်တိုင်းစစ် ဌာနချုပ် (ရတခ) ကွပ်ကဲမှုအောက်မှာရှိနေတဲ့ ရှေ့တန်းထွက်တပ်တွေရဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ တပ်တည်/တပ်လှုပ်ရှားစာရင်းဟာ အင်အားယုတ်လျော့လာမှုကို ပြသနေတယ်လို့ CDM အရာရှိတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ် သူတွေက ထောက်ပြကြပါတယ်။
ဒါကြောင့် တပ်အင်အားနဲ့ လုပ်ရတဲ့ စစ်ဆင်ရေး၊ လုံခြုံရေးတွေဟာ သေချာမဖြည့်တင်းမနိုင်ဘဲ တခြားဒေသရှိ တပ်မတွေနဲ့ အစားထိုးအသုံးပြုလာသလို တစ်နိုင်ငံလုံးအနေအထားမှာ စစ်တပ်ရဲ့ စိတ်ဓာတ်အင်အားကျဆင်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က သုံးသပ်ပါတယ်။
“တပ်အင်အားနဲ့ သူတို့လုပ်ရတဲ့ စစ်ဆင်ရေး၊ လုံခြုံရေးအခြေအနေတွေက သေချာမဖြည့်တင်းနိုင်တဲ့ အခြေအနေရှိတယ်။ တခြားသောနယ်က တပ်မတွေနဲ့ ဥပမာ တနင်္သာရီတိုင်းက တပ်မတွေ၊ နောက်ပြီးတော့ တခြားသော တပ်မကြီးတွေကိုပါ အစားထိုးပြီး သုံးလာတဲ့ပုံစံတွေရှိတယ်။ နောက်ပြီးတော့ လက် ရုံးတပ်တွေကို သုံးလာတဲ့ အခြေအနေရှိတဲ့အတွက် သူတို့အတွက်တော့ အင်အားဖြန့်ခွဲမှုမှာ တော်တော်လေးပြဿနာရှိတယ်။ နောက်တစ်ခုကတော့ ဒါက (ရတခ) တစ်ခုတည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးအနေအထားမှာ စစ်တပ်ရဲ့ စိတ်ဓာတ်အင်အားက တစ်ဖြည်းဖြည်း ပျက်စီးယိုယွင်းလာတဲ့ အခြေအနေတွေရှိတယ်လို့ ကျွန်တော်က မြင်မိတယ်။ ဒါတပ်တွင်းမှာကို လက်ရှိဖြစ်နေတာပေါ့။ အင်အား မပြည့်မီတာတွေ၊ စိတ်ဓာတ်အင်အား ကျဆင်းမှုတွေက ဆက်တိုက်ကို ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကျွန်တော်တို့ တွေ့နေရပါတယ်ဗျ”လို့ သူက ဆိုပါတယ်။
အာဏာမသိမ်းခင်မှာ စာရွက်ပေါ်ပြတဲ့ ရှေ့တန်းထွက် တပ်တစ်တပ်ရဲ့ အင်အားဟာ ၁၀၀ ဝန်းကျင်နဲ့ အထက်ရှိနေပြီး လက်ရှိစာရွက်ပေါ်ပြတဲ့ အင်အားဟာ ၆၀/၇၀ ဝန်းကျင်လောက်အထိ သုံးပုံမှာတစ်ပုံ လျော့နည်းသွားတာကြောင့် တစ်နိုင်ငံလုံးရှိ တပ်ပေါင်းများစွာအတွက် ဆိုးဝါးတဲ့အခြေအနေလို့ ဗိုလ် ကြီးလင်းထက်အောင်က ထောက်ပြပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း စစ်ကောင်စီဘက်က အင်အားယုတ်လျော့လာရင် စစ်သားတွေ ထွက်ပြေးတာ လက်နက်ချတာတွေရှိလာနိုင်ပြီး စစ်တပ်ကြီး လုံးဝပြိုကွဲသွားနိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်။
“အခုနေကတော့ သိပ်ပြီးမသိသာပေမယ့် မကြာခင် ဒီ ၂၀၂၃ အတွင်းမှာ တစ်ဖက်က အင်အားများလာမယ်၊ ကိုယ့်ဘက်က အင်အားယုတ်လျော့လာမယ်။ နိုင်ငံရေးအရလည်းပဲ ဂုဏ်သိက္ခာ ထိခိုက်လာတယ်၊ နိုင်ငံတကာကလည်း အသိအမှတ်မပြုဘူး။ ကိုယ့်ပြည်သူတွေက တပ်မတော်အပေါ်မှာ မချစ်မြတ်နိုးဘူးဆိုရင် အဲဒီလို ဆိုးကျိုးတွေက စစ်သားတွေဆီမှာ ဂယက်ရိုက်လာပြီးတော့ သူတို့ဘက်မှာလည်း ထွက် ပြေးတာတွေ၊ လက်နက်ချတာတွေ CDM လုပ်တာတွေ ရှိလာနိုင်တယ်။ အဲဒီလိုအခြေအနေအမျိုးဆိုရင် စကစ စစ်တပ်ကြီးကတော့ လုံးဝပြိုကွဲသွားနိုင်တဲ့ အခြေအနေရှိပါတယ်” လို့ သူက ဆိုပါတယ်။
တိုက်ခိုက်ရေးမှာ အဓိကတာဝန်ယူတဲ့ စစ်ကောင်စီကြည်းတပ်မှာ တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိပြီး သက် ဆိုင်ရာ နယ်မြေဒေသအလိုက် ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကတာဝန်ယူထားရပြီး အဲဒီအောက်မှာတော့ ခြေမြန်တပ်မဌာနချုပ် ၁၀ ခုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၁၇ ခု ရှိနေပါတယ်။
ဒါပေမယ့် တပ်အင်အား ၄ သိန်းကျော်ရှိတယ်ဆိုတဲ့ အာဏာသိမ်း စစ်တပ်ဟာ အခုအခါမှာတော့ တပ်တွင်းလုံခြုံရေးကို စစ်သည်ရဲမေတွေအပြင် တပ်မိသားစုဝင်တွေပါ လုံခြုံရေးယူတဲ့ အခြေအနေအထိ ရောက်ရှိလာသလို တပ်မတော်သားတွေ ခရီးသွားလာရင်လည်း လုံခြုံရေးစစ်ကြောင်းမရှိပါက သွားလာခွင့်မပြုထားတဲ့ အနေအထားအထိရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်