ကျောက်ထု – ဖေဖော်ဝါရီ(၂၀)
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်အတွင်းက ဆန်စပါးနဲ့ ဆန်ကွဲတွေကို လာမယ် မတ်လ(၁) ရက်နေ့ကစပြီး တိုက်နယ်ပြင်ပကို သယ်ယူရောင်းချခွင့်ပိတ်ပင်လိုက်တယ်လို့ ကျောက်ထု တိုက်နယ် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကကြေညာလိုက်ပါတယ်။
လက်တလောမှာ စစ်ကောင်စီက ကျောက်ထုတိုက်နယ်ကို ဖြတ်လေးဖြတ်လုပ်ထားတာကြောင့် ဆန်ပေါများတဲ့ ဒေသတွေကနေ ကျောက်ထုတိုက်နယ်အတွင်းကို ဆန်သယ်ယူချိန်မှာ အခက်အခဲ တွေဖြစ်နေတဲ့အတွက် အခုလိုထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
“အစည်းအဝေး ဆုံးဖြတ်ချက်ချဖြစ်ပုံက တော်လှန်ရေးကာလမှာ ပခုက္ကူ. ချောက်စသဖြင့် ဆန်ပေါများရာဒေသတွေကနေ ပေါက်မြို့သရက်ဘောဂိတ်ကနေကျော်ပီး သယ်လို့မရပါဘူး။ စခတွေက ကျနော်တို့ယောနယ်ကို ဖြတ်လေးဖြတ်လုပ်ထားပါတယ် ဒါကြောင့် ကျနော်တို့ဒေသ မှာ ဝမ်းစာဖူလုံဖို့ရော PDF တွေကို ထောက်ပံနိုင်ဖို့ရောကြောင့်တားမြစ်တာပါ” လို့ ကျောက်ထု တိုက်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး ကိုယောကြီး(ကျောက်ထု) ကသံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် အခုလိုလုပ်ဆောင်တာဟာ ရိက္ခာပြတ်လတ်မှုမရှိအောင်၊စျေးမကစားနိုင်အောင်နဲ့ ပေါက်နယ်က ပျုစောထီးရွာတွေကို မရောက်အောင်ဆွေးနွေးဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါသေး တယ်။
လက်ရှိအချိန်မှာတော့ ကျောက်ထုတိုက်နယ်အရှေ့ဘက်ခြမ်းမှာ စပါးစိုက်ဖို့ ပျိုးထောင်တာတွေ လုပ်နေပြီး ဆန်စပါး ပြန်ပေါ်လာရင် တောင်သူတွေ စားဖို့နဲ့ PDF တွေကိုလှူဖို့ ဖယ်ထားပြီးတခြား ဒေသတွေကို ရောင်းချခွင့်ပြုပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
ပြင်ပသယ်ယူရောင်းချဖို့ ကန့်သတ်ထားချိန်အတွင်း တပ်ရင်း၊တပ်ဖွဲ့နဲ့ စစ်ဘေးရှောင်တွေ အတွက်ဝယ်ယူဖို့ လိုအပ်လာရင် တိုက်နယ် ပ.အ.ဖ၊ပ.က.ဖနဲ့ ကျောက်ထု PDF အဖွဲ့ အစည်း တစ်ခုခုကို အသိပေးရမှာဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အစည်းအဝေးဆုံးဖြတ်ချက် ချပြီး အတည်ပြုပေးသွားဖို့ ရှိတယ်လို့သိရပါတယ်။ မကွေးတိုင်း ယောဒေသဟာ ဆန်စပါးထွက်အားကောင်းပြီး အနီးနားက တော်လှန်ပြည်သူတွေနဲ့ မင်းတပ်နယ်၊ ပေါက်ဒေသတွေကို တင်ပို့ရောင်းချနေတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနေရာတွေမှာ ဆန်စပါးစျေးတွေဟာ အပြောင်းအလဲမရှိဘဲ လက်တလော ပေါက်စျေးတွေ အတိုင်း ပြည်သူတွေ အရောင်းအဝယ် လုပ်ဆောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဆောမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားကာ တိုက်နယ်ဖြစ်တဲ့ ကျောက်ထုမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီကြောင့် ပြည်သူ (၇၀၀၀) ဝန်းကျင်ဟာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ