သထုံ – ဖေဖော်ဝါရီ(၂၀)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ရွာသစ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ သထုံဘက်နေ ဘီးလင်းမြို့နယ်ဘက်ကို မောင်းနှင်းလာတဲ့ ကား ၅ စီးပါး စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီးနောက် လက်နက်ကြီး၊လက်နယ်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျဆုံးများပြားခဲ့တာပါ။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် မောင်းနှင်းလာတဲ့ အရပ်သား ကုန်ကား တစ်စီး ကြားညှပ်ပြီး တိုက်ခိုက်ခံလိုက်တာကြောင့် ကားမောင်းသူ တစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ အရပ်သား တစ်ဦး သေဆုံးသွားတဲ့အတွက် များစွာစိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးနီးကပ်ကပ် သွားလာတာတွေ မလုပ်ကြဖို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ မေတ္တာရပ်ခံတာပါ။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ ယာဉ်မောင်းဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆူးတက်ကျေးရွာနေ အသက် ၃၄ နှစ်အရွယ် ကိုနိုင်မင်းထွန်း (ခ) ဝက်ကလေး ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အကောင့်တွေမှာတော့ သေဆုံးသွားတဲ့ ကိုနိုင်မင်းထွန်းကို KNU နဲ့ PDF ပူးပေါင်းတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ရေးသားနေကြပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်းမမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ခိုက်ခံရပြီး အဲဒီတိုက်ခိုက်မှုမှာ အရပ်သားထိခိုက်သေဆုံးတာတွေလည်း ရှိနေတာပါ။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.