မိုးဗြဲ – ဖေဖော်ဝါရီ(၂၀)

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်တစ်နေရာကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်က တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ခွဲမှူးအပါအဝင် (၅) ဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိထားတယ်လို့ KA က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၉) ရက်နေ့က ကယားပြည်နယ် နယ်စပ်တစ်နေရာကို ရိက္ခာပို့ဆောင်ဖို့ လာတဲ့ စစ်ကောင်စီ အင်အား(၃၀)ပါ ခလရ(၅၄) တပ်ကို ဟွေ့မာကော်နဲ့ ဟွေခွန်းမောင်းဆိုတဲ့ ကျေးရွာကြားမှာ KAနဲ့ KNDF က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က MA အမျိုးအစား လက်နက်မျိုးစုံ(၁၀)လက်နဲ့ ကျည်ဆံ၊ခဲယမ်းတွေဖမ်းဆီးရမိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၆) ဦးသေဆုံး ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက နယ်စပ် BP-12 ဘက်ကို ရိက္ခာ၊လက်နက်ခဲယမ်းတွေ ပို့ဆောင်ဖို့သွားနေ ချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၈) ရက်နေ့ကလည်း ရှမ်းပြည်တောင်ပိုင်း Southern Shan State ( SSS ) စခန်းကိုဖြတ်ပြီး ရိက္ခာပို့ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက် ခိုက်ခဲ့တဲ့အတွက် (၃) ဦးသေဆုံးထားတယ်လို့ သိရပါတယ်။

Southern Shan State ( SSS ) ရဲ့ နယ်မြေကိုအသုံးပြုပြီး စစ်ကောင်စီတပ်တွေဟာ နယ်စပ်က စခန်းတွေကို ရိက္ခာပို့ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ကရင်နီတပ်မတော်(KA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ Southern Shan State ( SSS ) အဖွဲ့ဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ် အသွင်ယူထားတဲ့ အဖွဲ့ဖြစ်ပြီး သူတို့ဟာ ၁၉၉၄ ခုနှစ်တည်းက အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.