ရေး၊ ဖေဖော်ဝါရီ(၁၉)
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၈ ရက်နေ့ကနေ အခုဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ ၃ ပတ်အတွင်း မြေမြှုပ်မိုင်းနင်းမိသူ ၄ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ဒေသခံတွေဟာ ရေးမြို့နယ် လမိုင်းမြို့၊ ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီးတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းအနီး ဖြတ်သန်းသွားလာစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ် ရာတွေ ရရှိနေတာပါ။
မြေမြှုပ်မိုင်းနင်းမိသူတွေထဲမှာ လမိုင်းမြို့နေ အသက် ၅၉ နှစ်အရွယ် ဦးညွန့်ဝေနဲ့ အသက် ၇၀ နှစ်အရွယ် နိုင်ကိုးမိုင်တို့ဟာ ဘယ်ခြေထောက်ဝတ် ပြတ်တောက်ဒဏ်ရာရရှိခဲ့ပြီး ကျန် ၂ ဦးကတော့ ခြေထောက်ပြတ်တောက်တာ မရှိပေမယ့် မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိထားပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏလာရောက် တိုက်ခိုက်နေတာကြောင့် စခန်းပတ်လည်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားသလို သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်မတိုင်မီ ဥယျာဉ်ခြံလာသူတွေကိုလည်း ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီစခန်းနဲ့ ဥယျာဉ်ခြံတွေထဲမှာ မြေမြှုပ်မိုင်းတွေ မကြာခဏ ပေါက်ကွဲနေတာကြောင့် ဒေသခံအများစု ဥယျာဉ်ခြံထဲ မသွားရဲကြသလို မိသားစုဝမ်းရေးအတွက် မဖြစ်မနေအလုပ်အကိုင်ရတဲ့သူတွေသာ မြေမြှုပ်မိုင်းအန္တရာယ်ကို စိုးရိမ်တဲ့ကြားကနေ လာရောက်အလုပ်လုပ်ကိုင်ရာကနေ မြေမြှုပ်မိုင်းနင်းမိနေတာပါ။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း ကျိုက်ထို၊ဘီးလင်းနဲ့ ရေးမြို့နယ်တို့မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၁၀ ဦးထက်မနည်းရှိနေတာ ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ကလေးသူငယ် ၅၀ ထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ကု လသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ (UNICEF) က ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
All reactions:198198