မြဝတီ၊ ဖေဖော်ဝါရီ(၁၉)
ထိုင်းနိုင်ငံထဲကို တရားဝင် MOU စာချုပ်နဲ့ ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာအလုပ် အကိုင်မရရှိတာ၊ လစာမရတာအပြင် စာချုပ်ပါအလုပ်အတိုင်း လုပ်ခွင့်မရတဲ့ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံဟာ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် မေလကစပြီး MOU စနစ်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်လမ်းကြောင်းကနေတစ်ဆင့် ပြန်လည်ပို့ဆောင်လာခဲ့တာပါ။
ဒါပေမယ့် ထိုင်းနိုင်ငံအတွင်းကို ရောက်ရှိလာတဲ့ MOU မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အခုအခါမှာတော့ စက်ရုံတချို့မှာ အလုပ်အကိုင်မရတာ၊ လုပ်ခလစာမရတာ၊ ပတ်စ်ပို့စာအုပ်ကို အလုပ်ရှင်ဘက်က သိမ်းထားတာ၊ စာချုပ်ပါအတိုင်း အလုပ်လုပ်ခွင့်မပေးတာ၊ အလုပ်ပြောင်းရွှေ့စာနဲ့ နစ်နာကြေးမပေးတာစတဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် MWRN အကြံပေး ဦးအောင်ကျော်က အခုလိုပဲ ပြောပါတယ်။
“အလုပ်သမားတွေကိုယ်တိုင် ပြောဆိုနေတာက စာချုပ်ပါနေရာကိုရောက်ရှိသော်လည်း စာချုပ်ပါနေရာမှာ အလုပ်မရှိဘဲနဲ့ ဒါကအေဂျင်စီတွေရဲ့ ပေါ့ဆမှုလို့ပြောရမယ်။ လွယ်လွယ်ကူကူနဲ့ အလုပ်ခေါ်စာလေးရတာနဲ့ ချက်ချင်းကိုယ်ငွေရဖို့ဆိုပြီးမှ တင်ပို့လိုက်တဲ့အခါ ဒီရောက်တော့ အလုပ်မရှိတော့ အဲဒီကုမ္ပဏီကတာဝန်ခံပြီး နောက်ထပ်အလုပ်တွေ လိုက်ရှာပြီးတော့မှ ပို့ပေးနေရတဲ့ သတင်းတွေကြားနေရတယ်။ တချို့ကျွန်တော်ကြားနေရတာ လဘယ်လောက်ကြာတဲ့အထိကို အလုပ်လိုက်ရှာပေးနေတုန်းပဲဆိုတာ။ ဒါအင်မတန်ရိုင်းတယ်။ ကြားလို့တောင်မသင့်တော်ဘူး။ တရားဝင်ထိုင်း- မြန်မာ MOU တွေ၊ တရားဝင်စာချုပ်ချုပ်ပြီးလာတဲ့ အလုပ်သမားတွေ ဒီရောက်မှ အလုပ်မရှိဘူးဆိုတာ၊ အလုပ်ရှာရတာ၊ တစ်လလောက်အထိ အလုပ်မရဘူးဆိုတာ MOU ရဲ့ သဘောသဘာဝနဲ့ လုံး၀ကြီးကို ဆန့်ကျင်ပြီးတော့မှ မဖြစ်သင့်တဲ့အရာမို့ ကျွန်တော်အဓိကပြောချင်တာ”လို့ ဆိုပါတယ်။
MOU မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်း-မြန်မာနှစ်နိုင်ငံ G to G သဘောတူစာချွန်လွှာ လက် မှတ်ရေးထိုးပြီးမှ တရားဝင်မှတ်ပုံတင်ထားတဲ့ အေဂျင်စီတွေကနေ တရားဝင်အလုပ်သမားတွေကို စာ ချုပ်ချုပ်ပြီးပို့လာတဲ့အလုပ်သမားတွေဖြစ်ပြီး အခုအခါမှာတော့ ထိုင်းနိုင်ငံရောက်မှ အလုပ်အကိုင်မရတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
MOU မြန်မာရွှေ့ပြောင်းလုပ်သားပြဿနာကို ထိုင်း-မြန်မာနှစ်နိုင်ငံရဲ့ အလုပ်သမားဝန်ကြီးဌာတွေအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သက်ဆိုင်ရာအေဂျင်စီတွေအပေါ်ကို ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့ ဦးအောင်ကျော်က ဆိုပါတယ်။
“ တရားဝင်အလုပ်သမားလို့ စာချုပ်ချုပ်လာပြီးပို့လာတဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံရောက်မှ အလုပ်အကိုင်မရှိဘူးဆိုတာ လုံးဝကို မဖြစ်သင့်တဲ့ကိစ္စ၊ အရင်တုန်းကလည်းဖြစ်ခဲ့ဘူးတယ်။ သို့သော်အဲဒါတွေအားလုံးကို ထိထိရောက်ရောက် အေဂျင်စီများအဖွဲ့ချုပ်တွေ၊ သက်ဆိုင်ရာ အလုပ်သမား သံအရာရှိတွေ၊ သက်ဆိုင်ရာနယ်မြေတာဝန်ခံရှိတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ၊ ပူးပေါင်းဖြေရှင်းလိုက်တဲ့အတွက် တော်တော်များများပပျောက်သွားခဲ့သော်လည်း အခုတစ်ကြိမ်တော့ တစ်ကျော့ပြန်ပြီးတော့မှ တရားဝင်အနေနဲ့ရောက်လာတယ်။ ဒီရောက်တဲ့အခါမှသာ စာချုပ်ချုပ်တဲ့အလုပ်မှာ အလုပ်မရှိလို့ တောင်သွားရတယ်၊ မြောက်သွားရတယ်ဆိုတာမျိုး ကြားနေရတာပဲ။ ကျွန်တော်အဓိကအတိုချုပ်ပြီးပြောချင်တာက သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနနဲ့အဖွဲ့မှာတာဝန်အရှိဆုံး၊ ပြီးရင်သက်ဆိုင်ရာအေဂျင်စီတွေကို ဖျက်ဆီးတာတွေ၊ အရေးယူတာတွေ၊ ဖော်ထုတ်တာတွေ ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်မှသာလျှင် ဒီကိစ္စက လုံးဝပပျောက်သွားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံထဲက လုပ်ငန်းခွင်တွေထဲမှာ အလုပ်အကိုင်မရရှိတာ၊ လုပ်ခလစာမရရှိတာ၊ စာချုပ်ပါအလုပ်အကိုင်အတိုင်း အလုပ်လုပ်ခွင့်မပေးတာ စတဲ့ အခက်အခဲပြသနာတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ MOU မြန်မာလုပ်သားဦးရေဟာ ခန့်မှန်းခြေအနေနဲ့ ရာဂဏန်းအထိ ရှိနေတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ အခက်ကြုံနေရတဲ့ MOU မြန်မာလုပ်သားတွေအတွက် လုပ်အားခနဲ့ အလုပ်ပြောင်းရွှေ့ခွင့်စာရရှိဖို့၊ အလုပ်ပြန် လည်လုပ်ကိုင်ခွင့်ရရှိဖို့စတဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ပေးတာတွေ လုပ်ဆောင်ပေးနေပြီး MOU စာချုပ်ပါ လုပ်ငန်းခွင်နဲ့ အလုပ်အကိုင်အတိုင်း တာဝန်ယူပို့ဆောင်ပေးနိုင်မှုမရှိတဲ့ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်တဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်နေတဲ့ အေဂျင်စီတွေအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့လည်း အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်