လွိုင်ကော်၊ ဖေဖော်ဝါရီ(၁၉)

လက်နက်ကိုင်တော်လှန်မှုတွေကြောင့် ပြည်နယ်တစ်ခုလုံး တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယား(ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက်လှုပ်ရှားစရာနယ်မြေက ကျဉ်းမြောင်းလာတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွိုင်ကော်၊ ဒီမော့ဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ဘောလခဲ၊ ရှားတောနဲ့ဖရူဆိုမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီမော့ဆိုမြို့နယ်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား အာဏာသိမ်းစကနေ အခုချိန်ထိတိုက်ပွဲတွေ ပြင်းထန်နေဆဲ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ရှားတောနဲ့ ဖရူဆိုမြို့နယ်ဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

လွိုင်ကော်၊ ဖားဆောင်းနဲ့ ဘော်လခဲမြို့ပေါ်တွေကတော့ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား အား ကောင်းတဲ့ ဒေသတွေဖြစ်နေပြီး အဲဒီဒေသတွေမှာ စစ်ကောင်စီက ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ၃၁ ရက်နေ့အထိ ၂၃ရက်ကြာ လူဦးရေစာရင်းကောက်တာကို အုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တစ်ဖက်မှာလည်း ဇန်နဝါရီလအကုန်ပိုင်းကစပြီး စစ်ကောင်စီက လွိုင်ကော်မြို့အနီးတစ်ဝိုက်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာတွေရှိနေပါတယ်။

အဲဒီလို လုပ်ဆောင်တာက လွိုင်ကော်မြို့ပေါ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မြို့အနီးတစ်ဝိုက်ကို ရှင်း လင်းရေးလုပ်ဆောင်တာဖြစ်တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ လူ့အခွင့်အရေးကောင်စီ ဥက္ကဌ ဦးဗညားက ဆိုပါတယ်။

“ရွေးကောက်ပွဲအတွက် ကြိုပြီးတော့မှ အဓိကလွိုင်ကော်ကိုပေါ့နော်။ လွိုင်ကော်မြို့ပေါ်ကို လုပ်ဖို့ရည် ရွယ်တယ်လို့ ကျွန်တော်တို့ခန့်မှန်းလို့ရပါတယ်။ အဲဒီအတွက်ကြောင့်မို့ လိုအပ်တဲ့ အထူးသဖြင့် လွိုင်ကော်မြို့ကို ကာဖို့အတွက်ပေါ့နော်။ လွိုင်ကော်မြို့ကို ကာဖို့အတွက်က မြို့ပြင်ကအနည်းဆုံး လေးငါးဆယ်မိုင်လောက်၊ အနည်းဆုံးသူတို့မချဘူးဆိုရင် ၃ မိုင်ကနေ ၅မိုင်လောက်ကို သူတို့က လုံခြုံရေး ယူထားနိုင်မှသာလျင် လွိုင်ကော်မြို့ထဲမှာသူတို့ ရွေးကောက်ပွဲလုပ်နိုင်မယ့် အခြေအနေဆိုတာ သုံးသပ်လို့ရပါတယ်။ အဲဒီအတွက်ကြောင့် စစ်ကောင်စီဟာလွိုင်ကော်မြို့ပြင်ကို ပိုပြီးတော့မှ စစ်ကြောင်းထိုးပြီးတော့ အထိုင်ပုံစံမျိုး သွားနေတာတွေတွေ့ရတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လွိုင်ကော်အရှေ့ဘက်ခြမ်းကို ဖေဖော်ဝါရီလအစောပိုင်းမှာ နေ့စဉ်ဆက်တိုက် လေကြောင်းပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

လက်ရှိအချိန်အထိ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တဲ့ ဒီမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့ နယ်နဲ့ ဘောလခဲမြို့နယ်တို့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးမယ်လို့ ဖေဖော်ဝါရီလ ၂ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဲဒီလိုထုတ်ပြန်မှုတွေအပြီး လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ်က ဒေသခံအိမ်တွေကိုပါအသုံးပြုပြီး ကင်းပုန်းဝပ်လာတာတွေရှိတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေ လုပ်ဆောင်နေမယ့် ပြည် နယ်အတွင်း နိုင်ငံရေးပါတီတွေဖြစ်တဲ့ ကယန်းအမျိုးသားပါတီ KNPနဲ့ ကယားအမျိုးသားဒီမိုကရက်တစ်ပါတီ KySDP တို့က စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လုံးဝ ဝင်ပြိုင်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ကရင်နီပြည်နယ်ရဲ့ မဲဆန္ဒနယ် ၃၄ နေရာမှာ KySDPက လွှတ်တော်သုံးရပ်လုံးအတွက် ၈ နေရာနဲ့ ဒုတိယအများဆုံး အနိုင်ရခဲ့တာဖြစ်ပါတယ်။

KNP ပါတီရဲ့ နာယကဖြစ်တဲ့ ခွန်းမားကိုဘန်းကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို မဝင်တာဟာ အယုံအကြည်မရှိတာအပြင် ပြည်သူ့ဆန္ဒကိုမဆန့်ကျင်လိုတာကြောင့်ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရှင်းရှင်းပြောရရင်တော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ခု ဖွဲ့စည်းပုံကိုအခြေခံပြီးတော့ လုပ်တယ်ဆိုတာဟာ အဲဒီစစ်တပ်က ၂၅ ရာခိုင်နှုန်း ဆက်လက်ပြီးတော့ အာဏာတည်ဖို့နဲ့ ပြည်သူတစ်ရပ်လုံးကို ကျွန်ပြုဖွဲ့အတွက် လုပ်တာဖြစ်တဲ့အတွက် ပါတီကမယုံဘူးဗျ။ လက်ခံနိုင်မှာမဟုတ်ဘူး။ အချုပ်ပြောရရင် ဒီရွေးကောက်ပွဲကို ကျွန်တော်တို့ ယုံလည်းမယုံဘူး။ ဝင်ဖို့ဆန္ဒလည်းမရှိဘူး။ ကျွန်တော်တို့က ပြန်ပြီးတော့ ပါတီကိုပြန်လည်စုစည်းနိုင်စွမ်းလည်းမရှိဘူး။ ကျွန်တော်တို့ဝင်ရင်လည်း ဒါဟာပြည်သူလူထုကို ဆန့်ကျင်ပြီးသစ္စာဖောက်ရာကျတာပဲ”လို့ ဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီအနေနဲ့လည်း စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်သွားမှာဖြစ်ပြီး စစ်ကောင်စီကို ကူညီဆောင်ရွက်သူတွေကိုလည်း နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်သူအဖြစ် သတ်မှတ်သွားမယ်လို့ ဇန်နဝါရီလ ၂၉ ရက်နေ့ က ထုတ်ပြန်ထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီအနေနဲ့လည်း စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်သွားမှာဖြစ်ပြီး စစ်ကောင်စီကို ကူညီဆောင်ရွက်သူတွေကိုလည်း နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်သူအဖြစ် သတ်မှတ်သွားမယ်လို့ ဇန်နဝါရီလ ၂၉ ရက်နေ့ က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-PDF) တို့ကလည်း ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် အထောက်အကူပြု ကူ ညီနေသူတွေကို လုံခြုံရေးအရ သတိပေးထားပြီး ရွေးကောက်ပွဲကိုလည်း နည်းမျိုးစုံနဲ့ဆန့်ကျင်သွားမယ်လို့ KNDF က သံလွင်တိုင်မ်းကို ပြောဆိုထားပါတယ်။

လူဦးရေ ၃ သိန်းနီးပါးရှိတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၂ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။

အခုလိုစစ်မီးကြောင့် မြို့ပေါ်မှာလူမရှိတော့တဲ့အတွက်လည်း ပြည်သူကိုအခြေပြုပြီး ပြုလုပ်ရတဲ့ ရွေး ကောက်ပွဲကို ဘယ်လိုအကောင်အထည်ဖော်မလဲလို့ ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတွေ စစ်ကောင် စီကို မေးခွန်းထုတ်နေကြပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.