ဖာပွန်၊ ဖေဖော်ဝါရီ(၁၈)
ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၅ သိန်းနီးပါးအ ထိ ရှိလာတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU အုပ်ချုပ်နယ်မြေမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွာလာခဲ့တာပါ။
စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်အရေအတွက် ပိုမိုများပြားလာခဲ့သလို ဆိုးသထက်ဆိုးရွာတဲ့ အခြေအနေထိ ရောက်ရှိလာတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ဆိုပါတယ်။
“အခြေအနေကတော့ထူးခြားပြီးတော့ မကောင်းလာပါဘူး။ ပိုတောင်ဆိုးသထက်ဆိုးတဲ့ အနေအထားပဲရှိ တယ်လို့ပဲ ပြောပါရစေ။ ကျွန်တော်နောက်ဆုံးသိရတဲ့ သတင်းကတော့ ငါးသိန်းအထိဖြစ်သွားပါပြီ။ ကျွန်တော် တို့ ထိန်းချုပ်နယ်မြေအတွင်းမှာပေါ့နော်။ ဆိုတော့ ဦးရေက အင်မတန်များပြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီကလည်း နေ့ရှိသရွေ့လူထုကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့အခါကျတော့ လူထုကပြေးလွှား တိမ်းရှောင်နေရတယ်ဆိုတာ လုံးဝသံသယရှိစရာမရှိပါဘူး။ ပြေးလွှားနေရတဲ့ လူဦးရေတွေများတာ ဆိုတာ အဲဒါဖြစ်ပါတယ်” လို့ဆိုပါတယ်။
KNU အုပ်ချုပ်နယ်မြေမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ၊ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲပေါင်း ၈၀၀၀ နီးပါး ဖြစ်ပွားထားပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူလူထုဦးရေကလည်း ပိုမိုများပြားလာ ခဲ့သလို ဆေးဝါး၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အသုံးအဆောင်စတဲ့ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။
KNU ပြောခွင့်ရ ပဒိုစောတောနီးကလည်း စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့အရေးပေါ် အကူ အညီကလည်း အင်မတန်မှပဲ အရေးတကြီးတဲ့ အချိန်ဖြစ်လာပြီလို့ ပြောပါတယ်။
“ကျွန်တော်တို့ဘက်မှာလည်း အရေးပေါ်အကူအညီတွေ ဒီထက်ပိုများများရနိုင်ဖို့ သိပ်အင်မတန်အရေး ကြီးတဲ့ အချိန်အခါဖြစ်နေပါတယ်။ ဖြစ်နေတဲ့ကိစ္စက ကျွန်တော်တို့နယ်မြေတစ်ခုထဲမှာ မဟုတ်ပါဘူး။ တစ်တိုင်းတစ်ပြည်လုံးမှာလည်း ဒီလိုဖြစ်နေတဲ့အခါကျတော့ နှစ်သန်းထက်မလျော့တော့ဘူးဆိုတာ ကျွန်တော်သေချာပြောရဲပါတယ်။ ဒါကြောင့်မို့ စစ်ရှောင်တွေအတွက်လိုအပ်တဲ့ အရေးကိုကူညီမှုဟာ အင်မတန်မှအရေးတကြီးဖြစ်လာပြီဆိုတာ ပြောလို့ရပါတယ်” လို့ ဆိုပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်အရ (၂၀၂၃)ခုနှစ် ဇန်နဝါရီလ(၁)လတာအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုတွေကြောင့် အရပ် သားပြည်သူ(၁၇)ဦးခန့် သေဆုံးခဲ့ရပြီး အယောက်(၅၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် အရပ်သားထိခိုက် သေဆုံးဒဏ်ရာရတဲ့ အခြေအနေဟာ ပြီးခဲ့တဲ့လတွေကထက် ပိုမိုများပြားလာခဲ့တာပါ။
လက်ရှိမှာတော့ KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တော်လှန်ရေး တပ်ပေါင်းစုတို့ကြား စစ်ရေးပိုမိုတင်းမာလာသလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။
သတင်း -သံလွင်တိုင်းမ်