ဂျာကာတာ၊ ဖေဖော်ဝါရီ(၁၈)
ရိုဟင်ဂျာဒုက္ခသည် (၆၉) ဦးထက်မနည်းတင်ဆောင်လာတဲ့ လှေတစ်စီးဟာ အင်ဒိုနီးရှားနိုင်ငံ အနောက် ဘက်ကမ်းရိုးတန်းမှာ ဖေဖော်ဝါရီ(၁၆)ရက်နေ့က ဆိုက်ကပ်ခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လှေပေါ်ပါလာသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအများဆုံး ဖြစ်နေပြီး UNHCR အရာရှိရဲ့ ပြောကြား ချက်အရ အဲဒီလှေဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ဆုံး အာချေးပြည်နယ် ကမ်းခြေတစ်ခုမှာ ဆိုက်ရောက် လာတာဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဖြတ်သန်းခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ဒုက္ခသည်အချို့ သေဆုံးမှုတွေရှိခဲ့တယ်လို့ ခရီသည်တစ်ဦးကပြောပါ တယ်။ ဒီလိုလှေတွေ အင်ဒိုနီးရှားကို ဆိုက်ကပ်လာခဲ့တဲ့အရေအတွက်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက အခုထိ ခြောက်ကြိမ်ခန့်ရှိပြီလို့လည်း သိရပါတယ်။
၂၀၁၇ ခုနှစ်အတွင်း အိမ်နီးချင်း မြန်မာနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်းခံရပြီးနောက် ရိုဟင်ဂျာ တစ်သန်းခန့်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတယ်လို့ ခန့်မှန်းထားတာပါ။
နှစ်စဉ် လူထောင်ပေါင်းများစွာဟာ အရည်အသွေးညံ့တဲ့ လှေတွေနဲ့ မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံ တို့ကို မကြာခဏဆိုသလို ဈေးကြီးပေးပြီး ဝေးလံတဲ့ ပင်လယ်ခရီးလမ်းနဲ့ အသက်စွန့်သွားကြရတာ ဖြစ်ပါတယ်။
“လောလောဆယ်မှာတော့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ၆၉ ဦးကို ရေတွက်ထားပါတယ်” လို့အရာရှိ မစ္စဟာဖန်တီက ပြောပါတယ်။
အဲဒီဒုက္ခသည်တွေကို အနီးနားရှိ ယာယီတဲတွေကို ပို့ဆောင်ထားပြီး အာဏာပိုင်တွေက သူတို့ ခိုလှုံရာ သို့ရောက်ရှိပြီးတဲ့နောက် အရေအတွက်ကို ပြန်လည်စစ်ဆေးမှာဖြစ်တယ်လို့ မစ္စ ဟာဖန်တီက ပြောကြား ခဲ့ပါတယ်။
ခရီးသည်တစ်ဦးရဲ့ ပြောကြားချက်အရ အဲဒီလှေဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ခွာသွားခဲ့တာဖြစ်ပြီး စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် လူအများအပြား သေဆုံးခဲ့ရသလို ကပ္ပတိန်က ခရီးသည်တွေကို လမ်းခရီးအလယ်မှာ စွန့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ သမုဒ္ဒရာထဲမှာ ၁၅ ရက်လောက် ဒုက္ခခံစားနေရပြီး ကျွန်တော်တို့မှာ အစာရေစာ အလုံအလောက် မရှိခဲ့ဘူး” လို့ အသက် ၁၅ နှစ်အရွယ် အမျိုးသားက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
မိဘတွေအပါအဝင် မိသားစုဝင်ခုနစ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထွက်ပြေးခဲ့ပြီး အင်ဒိုနီးရှားမှာ ပိုမိုကောင်းမွန်တဲ့ ဘဝရရှိဖို့ မျှော်လင့်ချက်နဲ့ ထွက်ခွာလာခဲ့တာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်မှာ ဒေသခံတွေက ကျွန်တော်တို့ကို ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းတယ်၊ အထက်တန်း ပညာရေးကို သင်ယူဖို့ အခွင့်အလမ်းလည်း မရှိဘူး” လို့သူက ဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့ အခြားရေယာဉ် (၅) စင်းဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဆိုက်ရောက်လာခဲ့ပြီး စုစုပေါင်း လူ (၇၀၀) နီးပါး တင်ဆောင်လာ ခဲ့တယ်လို့ သိရပါတယ်။
အန္တရာယ်များတဲ့ ပင်လယ်ပြင် ဖြတ်ကူးမှု ကြိုးပမ်းရာမှာ ၂၀၂၂ ခုနှစ်မှာ ရိုဟင်ဂျာ ၂၀၀ နီးပါး သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့တယ်လို့ အေဂျင်စီက ခန့်မှန်းထုတ်ပြန်ထားပါတယ်။