မြိတ်၊ ဖေဖော်ဝါရီ(၁၈)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာ ရွာဟောင်းဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင် စီစခန်းကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၅ နာရီအချိန်လောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တန င်္သာရီမြို့နယ် မဟာမိတ်တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အဖွဲ့ဝင် တပ်အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ စခန်းကို ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ မြိတ် ပကဖ၊ ကျွန်းစုမြို့နယ် ပကဖနဲ့မဟာမိတ်တပ်ပေါင်းစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သလို သေနတ်တစ်လက်ကိုပါ သိမ်းဆည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကောင်စီဘက်က မနက် ၁၀ နာရီအချိန်အထိ လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက် အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖစ်တိုက်ပွဲကြောင့် တုံဗျေားကျေးရွာက ဒေသခံတချို့ဟာ ဘေးလွတ်ရာကို ယာယီတိမ်းရှောင်ခဲ့သလို တချို့ဒေသခံတွေကတော့ နေအိမ်မှာပဲ ပုန်းခိုးနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တုံးဗျောကျေးရွာဟာ မြိတ်နဲ့တနင်္သာရီမြို့နယ် အစပ်ကျေးရွာတစ်ရွာဖြစ်ပြီး ပြည်သူ့စစ်ကျေးရွာ ဖြစ်တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏဝင်ရောက်တိုက်ခိုက်နေတာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၂ ရက်နေ့တုန်းကလည်း တုံးဗျောရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်သန်းနဲ့ စစ်ကောင်စီဘက်က ဒုအရာခံဗိုလ်တစ်ဦးသေဆုံးခဲ့သလို စစ်ကောင်စီတပ်သား ၅ ဦးလည်း ဒဏ်ရာရခဲ့သေးတာဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.