မော်လမြိုင်၊ ဖေဖော်ဝါရီ၊ (၁၆)

အီတလီစီရီးအေနာမည်ကြီး ကလပ်အသင်း အင်တာမီလန်အသင်းဟာ ချဲလ်ဆီးအသင်းကနေ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး လူကာကူကို ချဲလ်ဆီးအသင်းထံ ပြန်ပို့သွားဖို့ ရှိနေတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အသက် ၂၉ နှစ်အရွယ် ဘယ်ဂျီလ်ယံ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ချဲလ်ဆီးအသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အငှားစာချုပ်ပါ အချက်အလက်တွေအရ အင်တာမီလန်အသင်းဟာ လူကာကူကို အပြီးသတ်ခေါ်ယူခွင့် ရှိပေမယ့် ကစားသမားရဲ့ ဒဏ်ရာပြဿနာကြောင့် ချဲလ်ဆီးအသင်းထံ ပြန်ပို့ဖို့ စီစဉ်နေတာပါ။

အင်တာမီလန်အသင်းဟာ လူကာကူရဲ့ တစ်ရာသီအငှားစာချုပ်အတွက် ချဲလ်ဆီးအသင်းထံ ယူရို (၈)သန်းနဲ့ ကစားသမား လစာအပြင် အပိုဆုကြေး အပါအဝင် ယူရိုသန်း ၂၀ ပေးချေခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် လူကာကူဟာ ဒီရာသီစီရီးအေလိဂ်မှာ အင်တာမီလန်အသင်းအတွက် ၁၀ ပွဲသာ ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၁ ဂိုးသာ သွင်းယူထားပါတယ်။

လူကာကူရဲ့ အင်တာမီလန်အသင်းကတော့ ဒီရာသီစီရီးအေလိဂ်မှာ ပွဲပေါင်း ၂၂ ပွဲကစားအပြီး ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.