ရေး၊ ဖေဖော်ဝါရီ(၁၇)
မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာနေ မွန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို စစ် တပ်က စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မွန်စီးပွားရေးလုပ်ငန်းရှင် နိုင်တင့်ဝေကို မော့က နင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံ ခေါ်ဆောင်ပြီးနောက် လမိုင်းမြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင် တပ်ရင်း ခလရ – ၁၀၆ တပ်ရင်းထံ ဖမ်းဆီးသွားခဲ့တာပါ။
ဖမ်းဆီးခံ မွန်စီးပွားရေးလုပ်ငန်းရှင် နိုင်တင့်ဝေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၆ ရက်နေ့ထိ ပြန်လွှတ်ပေးခြင်း မရှိသေးတဲ့အတွက် မိသားစုဝင်တွေမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။
နိုင်တင့်ဝေဟာ ရတနာမာန်စက်သုံးဆီဆိုင်၊ ကုန်မာလုပ်ငန်းတွေနဲ့ဆေးဆိုင်လုပ်ငန်းတွေကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ဘယ်အဖွဲ့အစည်းတွေနဲ့မှ ပတ်သက်တာမရှိဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မော့ကနင်ကျေးရွာ ဒေသခံ ၄ ဦးကို ဖမ်းဆီးခဲ့သလို အဲဒီထဲက နှစ်ဦးကို ဖမ်းဆီးနှိပ်စက်ပြီးနောက် ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၂ ဦးကို ဆက်လက် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒါ့အပြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ရော်ဘာခြံကို အစေးခြစ်ဖို့သွားတဲ့ မော့ကနင်ရွာသား နိုင်ဗင်ဆိုသူကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်သတ်တာကြောင့် သေဆုံးထားပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်ကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း စစ်ကြောင်းထိုးတာ၊ စစ်ဆေးတင်းကြပ်တာနဲ့ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
သတင်း – သံလွင်တိုင်းမ်