နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၇)

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် မွန်စာပေသင်ကြားခွင့်ရရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးပြီး သဘောတူလက်မှတ် ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ မွန်ပြည်သစ်ပါတီတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ဒေသဖွံ့ဖြိုးရေး၊ မွန်စာပေသင်ကြားခွင့်ရရေးကိစ္စတွေနဲ့ အထွေထွေကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာပါ။

အဲဒီ ၃ ရက်တာ ဆွေးနွေးချက်တွေအရ နှစ်ဘက်သဘောတူညီချက်တွေ ရယူနိုင်ဖို့ ဆွေးနွေးညှိနှိုင်းကြပြီး အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်တွေကို အတည်ပြုလက်မှတ်ရေးထိုးကာ အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဘယ်အချက်တွေကို သဘောတူညီ လက်မှတ်ရေးထိုးကြလဲဆိုတာကိုတော့ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသလို မွန်ပြည်သစ်ပါတီကို သံလွင်တိုင်းမ်က ၅ ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကတည်းက မွန်လူမျိုးတွေ အများစုနေထိုင်နေတဲ့ အစိုးရစာသင်ကျောင်းတွေမှာ မူလတန်းအဆင့်မှာ မွန်ဘာသာ တစ်ဘာသာ ထည့်သွင်းသင်ကြားနိုင်အောင် မူဝါဒချမှတ်အကောင်အထည်ဖော်ပေးဖို့၊ မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကောင်စီ မွန်ပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်သွားဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ကောင်စီနဲ့ ဘယ်လိုသဘောတူညီချက်တွေ ရရှိသည်ဖြစ်စေ နိုင်ငံအနှံဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေမှာ မွန်ပြည်သစ်ပါတီအနေနဲ့ ဘာမှမလုပ်ပေးနိုင်တဲ့အတွက် ဖိတ်လို့သွားတက်တဲ့ သဘောဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒေသဖွံ့ဖြိုးရေးကိစ္စတို့ မွန်စာပေသင်ကြားရေးကိစ္စက အဲဒီလောက်တော့ သူက (စကစ) ပေးချင်ပေးလို့ ရတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးမှာ အခုဖြစ်နေတဲ့ တိုက်ပွဲအခြေအနေမှာဆိုရင် ဒီဟာတွေက သူပေးရင်လည်း ကိုယ်က ဘာမှလုပ်လို့ မရဘူး။ အခုဆိုရင် မွန်ပြည်နယ်ထဲမှာ အသတ်ခံရတာတွေ၊ နေအိမ်မီးရှို့ခံရတဲ့ ကိစ္စတွေ ဆို မွန်ပြည်သစ်ပါတီက ဘာမှလည်း မလုပ်ပေးနိုင်ဘူး။ အဲဒါကြောင့်မို့ ဒီဟာတွေ အခုလောလောဆယ် ဘာမှ လည်း လုပ်နိုင်စရာအကြောင်းမရှိဘူး။ ကျွန်တော်မြင်တာ အခုသွားတွေ့တာ သူဖိတ်လို့ ကိုယ်က သွားတက်လိုက်တဲ့သဘောပဲ၊ ဘာမှလည်း အကြောင်းထူးမှာ မဟုတ်ဘူး”လို့ သူက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကလည်း စစ်ကောင်စီနဲ့ မွန်ပြည်သစ်ပါတီတို့ ပြင်ဆင်လို့ ရတဲ့ကိစ္စ မဟုတ်တဲ့အတွက် ဆွေးနွေးပွဲတက်ရောက်တာဟာ မွန်ပြည်သစ်ပါတီပေါ်မှာ စစ်ကောင်စီရဲ့ စစ်ရေး၊နိုင်ငံရေးဖိအားတွေ နည်းသွားအောင် လျှော့ချချင်တဲ့သဘောလို့လည်း သူက ထောက်ပြပါတယ်။

မွန်ပြည်သစ်ပါတီကတော့ နိုင်ငံရေးဆွေးနွေးမှုမှာ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆုပ်ကိုင်နေတဲ့အတွက် မျှော်မှန်းတဲ့ တိုင်းရင်းသားလူမျိုးအခွင့်အရေးတွေ ရရှိနိုင်ဖို့ အလှမ်းဝေးနေဆဲလို့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဆိုထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ် အခိုင်အမာရပ်တည်ပြီး အစိုးရအဆက်ဆက်နဲ့ နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံဖြေရှင်းခြင်းနဲ့ ဖြေရှင်းသွားမှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်ထားတာပါ။

ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) အဖွဲ့ဝင် တလနိုင်ကတော့ လူထုတွေက လွတ်လပ်တဲ့ ကိုယ် ပိုင်ပြဌာန်းခွင့်ကို လိုချင်တာဖြစ်ပြီး မွန်ပြည်သစ်ပါတီသွားနေတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနဲ့ လုံးဝသွေဖယ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီနဲ့သွားပြီးတော့ တွေ့ဆုံဆွေးနွေးပွဲလုပ်နေတဲ့ရက်မှာပဲ မော့ကနင်မှာ အရပ်သားတွေ ပစ်သတ်ခံရတယ်။ စစ်တပ်က ပစ်သတ်လိုက်တယ်။ အဲဒီကိစ္စတွေ ကျွန်တော်တို့ ဒေသမှာ ဆက်တိုက်ဖြစ်နေတာပေါ့။ ပြည်သူလူထုတွေ လိုချင်တာက လွတ်လပ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို လိုချင်တာ။ ဒါပေမယ့် အခုသွားနေတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက အဲဒီဟာနဲ့ လုံးဝသွေဖယ်နေတယ်။ နောက်တစ်ခုက ပြည်သူလူထုဘဝက လုံခြုံမှုမရှိဘူး” လို့ သူက ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ရှိရာ မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအာ ဏာအဖြစ် ကြေညာထားတာကြောင့် ရေးမြို့နယ်အတွင်းနေထိုင်ကြတဲ့ လူထုတွေအနေနဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ သွားလာလို့ရနေတာပါ။

ဒီကိစ္စအပေါ် မွန်ပြည်သစ်ပါတီအနေနဲ့ သိရှိပြီးဖြစ်ပေမယ့် ဘာမှကိုင်တွယ်ဖြေရှင်းတာမျိုးမရှိဘဲ ဖွဲ့စည်း ပုံပြင်ဆင်ရေး၊ စာပေနဲ့ ယဉ်ကျေးမှုကိစ္စတွေလုပ်ဖို့ စစ်ကောင်စီနဲ့သွားပြီး ဆွေးနွေးနေတာဟာ အကျိုးမရှိဘူးလို့လည်း တလနိုင်က ထောက်ပြပါတယ်။

မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ တွေ့ဆုံတဲ့အပေါ် မွန်လူထုကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပေမယ့် လက်ရှိအချိန်ထိ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ထဲမှာ လေးကြိမ်အထိ အများဆုံးတွေ့ဆုံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.