တနင်္သာရီ၊ ဖေဖော်ဝါရီ(၁၇)
တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း လက်နက်ကိုင် စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုဟာ စိုးရိမ်ဖွယ် မြင့်တက်လာတယ်လို့ သုတေတနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor အဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းဒေသကြီးထဲမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း အရပ်သား ၂၇ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကာ မြေပြင်မှာ ဒီထက်အများကြီး ပိုနိုင်ပါတယ်။
အရပ်သားထိခိုက်သေဆုံးမှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လလုံးမှာ ၂၅ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၈ ဦးသာရှိခဲ့ပေမယ့် အခုဖေဖော်ဝါရီလဝက်အတွင်း အရပ်သားသေဆုံးမှုဟာ စိုးရိမ်ဖွယ် အခြေအနေအထိ ရောက်ရှိခဲ့တာပါ။
အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ညောင်ရှင်ကုန်းကျေးရွာမှာ အသက်တစ်နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ၇ ဦး အစုံအလိုက်၊ အပြုံအလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေအထိ ဖြစ်ပေါ်ခဲ့တာပါ။
Southern Monitor အဖွဲ့ ပြန်ကြားရေးတာဝန်ခံက တနင်္သာရီတိုင်းထဲ အရပ်သားထိခိုက်သေဆုံးမှုဟာ စိုးရိမ်စရာကောင်းလာတဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို အတတ်နိုင်ဆုံးလိုက်နာကြဖို့ တိုက်တွန်းပါတယ်။
အရပ်သားတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာ၊ တိုက်ပွဲအတွင်း ပစ်ခတ်တာ၊ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပျူစောထီးအဖွဲ့တွေ ဖမ်းဆီးသတ်ဖြတ်တာ၊ တော်လှန်ရေးအင်အားစုတွေဘက်က ပစ်ခတ်ရှင်းလင်းမှုတွေကြောင့် သေဆုံးနေတာပါ။
ထားဝယ်ခရိုင်ဒီမိုကရေစီ အရေးလှုပ်ရှားမှုသပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးကတော့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို လက်ခံနိုင်စရာမရှိသလို ဘယ်အဖွဲ့အစည်းကလုပ်လုပ် ကန့် ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။
Southern Monitor ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် ဇန်နဝါရီလအထိ အရပ်သားသေဆုံးသူ ၃၆၀ ဦး၊ ဒဏ်ရာရရှိသူ ၁၃၆ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်