ကော်သူးလေ၊ ဖေဖော်ဝါရီ(၁၆)
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆနီးပါး မြင့်တက်လာတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ (၂၀၂၂)ခုနှစ် ဒီဇင်ဘာလအတွင်း KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုနဲ့ အကြောင်းမဲ့ပစ်ခတ်မှုတွေကြောင့် ရဟန်းသံဃာနဲ့ ကလေးတွေအပါအဝင်အရပ်သား(၅)ဦးသေဆုံးခဲ့ရပြီး (၂၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အခုနှစ်(၂၀၂၃)ခုနှစ် ဇန်နဝါရီလ(၁)လတာအတွင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဘာသာရေးဆရာ၊ ကလေးငယ်နဲ့ ကျောင်းသားတွေအပါအဝင် အရပ်သား(၁၇)ဦး သေဆုံးခဲ့ရပြီး ကလေးငယ်နဲ့ ကျောင်းသားတွေအပါအဝင် အရပ်သား(၅၀)နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို (၂၀၂၃)ခုနှစ် (၁)နှစ်တာအတွင်း ရပ်ဆိုင်းထားမယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပေမယ့် ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ အရပ်သား ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပိုမိုလုပ်ဆောင်လာခဲ့တာဖြစ်ကာ အရပ်သားထိခိုက်သေဆုံးမှုကလည်း အရင်ကထက် ပိုမိုများပြားလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အဦးတွေအပါအဝင် ဆေးရုံ၊ စာသင်ကျောင်း၊ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်အများ အပြားလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံပြည်သူလူထုအပေါ် စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားဒိုင်းကာအဖြစ် အသုံးချတာတွေ၊ ဖမ်းဆီးတာတွေ၊ အဓမ္မခိုင်းစေတာတွေလည်း ပိုမိုလုပ်ဆောင်လာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
KNU အုပ်ချုပ်နယ်မြေအတွင်းက ဒေသခံပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်လုပ်ဆောင်မှု အခြေအနေဟာ လက်ရှိအချိန်မှာ အမြင့်မားဆုံးအနေ အထားမျိုးမှာ ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး လိုက်လံကူညီဆောင်ရွက်ပေးနတဲ့ ကရင်လူမှုအဖွဲ့အစည်းတစ်ဖွဲ့ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN က ပြောဆိုထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် ဆောင်ရွက်မှုတွေကြောင့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသူ ပြည်သူလူထုဦးရေ(၄)သိန်းနီးပါး ရှိလာပြီး ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူတွေအတွက် အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်