လွိုင်ကော်၊ ဖေဖော်ဝါရီ(၁၅)

ကယားပြည်နယ်မှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေနဲ့ တိုက်ပွဲတွေပြင်း ထန်ပြီးနောက် ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူတွေမှာ ရိက္ခာပြတ်လပ်မှုတွေ ပိုမိုမြင့် တက်လာတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးထားတဲ့ ရိက္ခာတွေစုဆောင်းထားပေမယ့် လက်ရှိအချိန်မှာ စစ်ရှောင်ဦးရေ ထပ်တိုးလာ တာကြောင့် ရိက္ခာပြတ်လပ်မှုတွေ ထပ်မံဖြစ်ပေါ်လာသလို နွေရာသီမရောက်ခင် ရိက္ခာအားလုံး ကုန်သွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ကယားပြည်နယ်ထဲက စစ်ဘေးရှောင် ဒုက္ခသည်စခန်းအများစုမှာ ပြီးခဲ့တဲ့ နှစ်ဇွန်လကစပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေ သိသိသာသာ ဖြစ်နေသလို တချို့စစ်ရှောင်စခန်းတွေမှာလည်း ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ကယားပြည်နယ်ကို ဖြတ်လေးဖြတ် လုပ်ဆောင်လာတဲ့အတွက် ပိုမိုခက်ခဲလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

“နေရာဒေသတော်တော်များများက စိုက်ပျိုးသီးနှံသိပ်မစိုက်ကြဘူး။ မိုးလောက်မှ စိုက်ကျတာ။ ဒီမှာရှိတဲ့လူတွေ တွေကလည်း တစ်နှစ်လုပ်မှတစ်နှစ်စားနေရတဲ့လူတွေဆိုတဲ့အခါကျတော့လေ စစ်ရှောင်ကတော့ ရိက္ခာက ကုန်သလောက်တော့ရှိသွားပြီ။ ဒါကြောင့်ရိက္ခာပြတ်လပ်မှု တော်တော်လေးကို ကြုံရမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားတယ်ပေါ့နော်။ အခုလောလောလောဆယ် စစ်ကောင်စီဘက်ကလည်း ဖြတ်လေးဖြတ်ကို သိသိ သာသာလုပ်လာတယ်။ လွိုင်ကော်ကနေ စစ်ရှောင်စခန်းသွားမလို့ ဆန်တွေနဲ့ ရိက္ခာသယ်မယ်ဆိုရင် သူတို့ ဆီသွားပြီးတော့ ခွင့်ပြုချက်သွားတောင်းရတယ်။ လက်မှတ်တွေယူရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီထံ သယ်ယူပို့ဆောင်ရေး လက်မှတ်ယူတဲ့ချိန်မှာလည်း စစ်ရှောင်စခန်းအတွက်လို့ ပြောလို့မရဘဲ ဈေးရောင်းဖို့ အတွက်ဆိုပြီး ပြောဆိုနေရသလို စစ်ရှောင်စခန်းတွေကို ရိက္ခာ ပို့ဆောင်ပေး သူတွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

အာဏာသိမ်းပြီးချိန်ကစပြီး စစ်ရှောင်တွေနေထိုင်တဲ့နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် စစ်ရှောင်တွေရဲ့ စိတ်ပိုင်ဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ရဲ့ လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးဗညားက ပြောပါတယ်။

“စစ်ကောင်စီကနေ နေရာအနှံ့ကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ အမြဲလုပ်တယ်။ စိတ်ပိုင်းဆိုင်ရာ တွေခံစားကြရတယ်။ ဒီအတွက်ကြောင့် လူထုတွေက ဘယ်လိုနေနေမလုံခြုံဘူး။ အရမ်းကိုထိတ်လန့် ကြောက်ရွံ့နေတယ်ဆိုတဲ့ အခြေအနေမျိုးတွေ့လာရတယ်” လို့ သူကဆိုပါတယ်။

ကယားပြည်နယ်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင် (၂) သိန်းကျော်ရှိနေပြီး အဲဒီထဲက အများစုဟာ ဒီးမော့ဆို၊ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ဘောလခဲ၊ ရှားတောနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေက ဒေသခံတွေဖြစ်ပါတယ်။

စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လွိုင်ကော်နဲ့ အနီးတဝိုက်ကိုပဲ ခွင့်ပြုထားတာကြောင့် တကယ်လိုအပ်နေတဲ့ စစ်ရှောင်တွေဆီ နိုင်ငံတကာ အကူအညီတွေ ရောက်ရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ကလည်း စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ စစ်ဘေးရှောင်တွေ လိုအပ်နေတဲ့ အစား အသောက်နဲ့ ဆေးဝါးတွေ ကူညီပေးနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.