ကော်သူးလေ၊ ဖေဖော်ဝါရီ(၁၄)

ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာကာအတွင်း စစ် ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဟာ အဆိုးဝါးဆုံးအခြေအနေအထိ ရောက်ရှိလာတယ်လို့ ကရင် ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းကာလအတွင်း KNU အုပ်ချုပ်နယ်မြေထဲကို ကျေးရွာထဲကို လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေအပြင် တိုက်ပွဲဖြစ်ပွားပါက အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီး တာနဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်က (၂၀၂၃)ခုနှစ်မှာလည်း စစ်ရေးဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုတွေကို ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် KNU အုပ်ချုပ်နယ်မြေအပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ စစ်ရေးလှုပ်ရှားမှု ပြုခဲ့လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားနေထိုင်ရာကျေးရွာတွေအပေါ်ကိုလည်း လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီလို အရပ်သားပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေအပေါ်ကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က လက်နက် ကြီးပစ်ခတ်မှုနဲ့ လေယာဉ်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးရတာ၊ ထိခိုက် ဒဏ်ရာရတာ၊ ထွက်ပြေးတိမ်းရှောင်ရတာနဲ့ အိုးအိမ်ပျက်စီးတာတွေ ဖြစ်ပေါ်နေပြီး မလုံခြုံမှုအခြေအနေကို အရင်ကထက် ပိုမိုကြုံတွေ့လာခဲ့ရတယ်လို့ KPSN ပြောခွင့်ရသူ စောလေးကပေါ်က ဆိုပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းမှာ အရပ်သားပြည်သူလူထုအပေါ်ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်လုပ်ဆောင်မှုအခြေအနေဟာ လက်ရှိအချိန်မှာ အမြင့်မားဆုံးအနေအထားမှာရှိနေတယ်လို့ စောလေးကပေါ်က ဆက်ပြောပါတယ်။

KNU အုပ်ချုပ်နယ်မြေထဲမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည် သိန်းနဲ့ချီရှိနေတာဖြစ်ပြီး နေအိမ်နဲ့ အဆောက်အဦးထောင်နဲ့ချီ မီးရှို့ဖျက်ဆီးခံထားရတာ ဖြစ်ပါတယ်။

စစ်ရေးပိုမိုတင်းမာလာတဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်အပြင် လက် နက်ကြီးပစ်ခတ်မှုကြောင့် တစ်ရက်ကို အနည်ဆုံး အရပ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှု မြင့်တက်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း KNU အုပ်ချုပ်နယ်မြေအားလုံးနီးပါးမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့ တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲကြောင့် ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှု ပိုမိုများပြားလာခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေထိုင်နေရတဲ့ အရေအတွက်ကလည်း အရင်အခြေအနေကထက် ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.