မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၄)

တိုင်းရင်းသားနိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ဖို့အတွက် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပါတီဗဟိုကော်မ တီ အစည်းအဝေးမှာ ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့တာပါ။

ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ တစ်နိုင်ငံလုံးမှာ စည်းရုံမယ့်ပါတီအဖြစ် မှတ်ပုံတင်ဖို့ အခက် အခဲရှိတာကြောင့် မွန်ပြည်နယ်အဆင့်မှာပဲ ပါတီမှတ်ပုံတင်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ ပါတီမှတ်ပုံတင်ရတာဟာ ပါတီဆက်လက် ရှင်သန်ရေးအပါအဝင် ပြည်သူ လူထုနဲ့ ထိတွေ့နိုင်ဖို့အတွက် လုပ်ဆောင်ရတာလို့ ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ပြောခွင့်ရကတော့ စစ်ကောင်စီလုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့အတွက် မွန်ညီညွတ်ရေးပါတီအနေနဲ့ ပါတီမှတ်ပုံတင်စရာမလိုဘူးလို့ ပြောပါတယ်။

“စစ်ကောင်စီက အာဏာသိမ်းခဲ့တာနဲ့အညီ ပြည်သူရွေးချယ်ထားသူတွေ မဟုတ်တဲ့အတွက်ကြောင့်မို့ ရွေး ကောက်ပွဲကို ကျင်းပပိုင်ခွင့်မရှိသလို အတင်းအကျပ် ကျင်းပရင်လည်း တရားဝင်ရွေးကောက်ပွဲတော့ မဖြစ်ပါဘူး။ အဲဒီအတွက်ကြောင့် တရားမဝင်တဲ့ ရွေးကောက်ပွဲကို မွန်ညီညွတ်ရေးပါတီအနေနဲ့လည်း ပါဝင်ဖို့မသင့်တော်ပါဘူး၊ မသင့်တော်တဲ့အတွက် ထပ်ပြီး Register လုပ်စရာမလိုဘူးလို့ မြင်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် တရားမဝင်တဲ့ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်တာနဲ့ လက်နက်သုံးအကြမ်းဖက်နေတဲ့ စစ်အုပ်စုကို တရားဝင်မှုပေးတာဟာ စစ်အာဏာရှင်ကို သက်ဆိုးရှည်နိုင်တာကြောင့် အခုလို လုပ်ရပ်တွေမလုပ်ကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တိုက်တွန်းတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့တဲ့ မွန်ပြည် ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြောင်းလဲ ဖွဲ့စည်းခဲ့တာပါ။

လက်ရှိမှာတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ ကိုယ်စားလှယ် ၃ ဦးဟာ အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့ NUG မှာ ဝန်ကြီးတာဝန်တွေ ထမ်းဆောင်နေတာဖြစ်ပြီး နောက်ထပ် ကိုယ်စားလှယ် ၃ ဦးကလည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာ ရီတိုင်းအပါအဝင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ် ၁၂ နေရာ အနိုင်ရရှိခဲ့တာပါ။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နှောင်းပိုင်းမှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်မှာ အနိုင်ရကိုယ်စားလှယ် ၂ ဦး စေလွှတ်ခဲ့တာကြောင့် မွန်လူထုအတွင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.