ဘီးလင်း – ဖေဖော်ဝါရီ(၁၃)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မိကျောင်းအိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း ၂ ပါးနဲ့ ကိုရင် ၁ ပါး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU သထုံခရိုင်က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၉ ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက်မှာ မိကျောင်းအိုင်ကျေးရွာထဲကို လက်နက်ကြီး ၄ လုံး ပစ်ခတ် ခဲ့တာကြောင့် မိကျောင်းအိုင် ဘုန်းကြီးကျောင်းသိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် ရှင်တေဝံသ၊သက်တော် ၅၆ နှစ်အရွယ် ဦးသောမနနဲ့ သက်တော် ၇၁ နှစ်အရွယ် ဦးပဏ္ဍိတတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ တာပါ။

လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ကိုရင်နဲ့ဦးဇင်းတွေကို နီးစပ်ဆေးရုံတွေကို ပို့ဆောင် ကုသထားတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးပစ်ခတ်မှုဟာ အရပ် သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေရသလို ထွက်တိမ်းရှောင်တာတွေလည်း ရှိနေတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း မွန်ပြည်နယ်၊လမိုင်းမြို့အခြေစိုက် စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် စုစည်းမြိုင်ကျေးရွာက ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့သလို သက်တော် ၆၀ အရွယ် ဦးဇင်းတစ်ပါးလည်း ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Cj

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.