နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၄)

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ပေမယ့် တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းကွာဝေးဆဲဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဖွင့်ဟဝန်ခံလိုက်ပါတယ်။

၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေး နွေးကာ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ၇၆ ကြိမ်မြောက် ပြည် ထောင်စုနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ဒါပေမယ့် ပြည်တွင်း၊ ပြည်ပစွက်ဖက်မှု ပယောဂအမျိုးမျိုးနဲ့ သက်ဆိုင်သူတွေရဲ့ နိုင်ငံနဲ့ပြည်သူ့အကျိုးကို စဉ်းစားလုပ်ဆောင်ဖို့ လိုအပ်ချက်တွေကြောင့် တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးဆဲဖြစ်တဲ့အတွက် နိုင်ငံအတွက် ရင်လေးဖွယ်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းချမ်းရေး ဆွေးနွေးနေတဲ့ အပစ်ရပ် ၇ ဖွဲ့ ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အရာမထင်သေးပေမယ့် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာနိုင်မယ့် အခင်းအကျင်းကို တစိုက်မတ်မတ် လုပ်ဆောင်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“၂၀၂၂ တစ်နှစ်လုံးလည်း ကုန်သွားပြီ၊ ဘာမှလည်း အရာမထင်သေးဘူးဆိုတာ မှန်ပါတယ်။ ဒါကလည်း အရှိ တရားကို ကျွန်တော်တို့ ဘယ်လိုမှ လွန်ဆန်လို့မရပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ ကတော့ ယုံကြည်မှု အရ ဆက်လက်ကြိုးပမ်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ယုံကြည်မှုအရဆိုတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာနိုင်မယ့် အခင်းအကျင်းတစ်ခုကို ကျွန်တော်တို့က စိန်ခေါ်မှု အခက်အခဲအမျိုးမျိုးကြားကနေပြီး ကြိုးပမ်းဆောင်ရွက်ဖို့ ကျွန်တော်တို့က တစိုက်မတ် မတ်လုပ်ဆောင်နေတာ ဖြစ်တယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ပန်းတိုင်ဟာ အင်အား စုတွေ အားလုံးတူညီနေပြီးသားဖြစ်တဲ့အတွက် အခက်အခဲအမျိုးမျိုးကြားကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖို့ပဲရှိတယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဖြည့်စွက်ပြောဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာသိမ်းမှုကြောင့် အရှိန်ရစပြုနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံ ရေးဆွေးနွေးပွဲကလည်း ရပ်ဆိုင်းသွားခဲ့ရပြီး အာဏာသိမ်းမှုအကျိုးဆက်အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ ပြည် တွင်းစစ်ပုံစံအသစ်ဆီ ဦးတည်နေတယ်လို့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ PPST ဦးဆောင်မှုကော်မတီက ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့နှစ် ဧပြီနှောင်းပိုင်းမှာ စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ စတင်ဖိတ်ခေါ်ခဲ့ပြီး အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့က ၃ ကြိမ် တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ၂၀၂၂ ခုနှစ်မှာ စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းခဲ့တာမဟုတ်ကြောင်းနဲ့ စစ်ပွဲမဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့နဲ့ ဆွေးနွေးပွဲ လုပ်ပြီး အတိုက်အခံအင်အားစုတွေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာလို့ ဝေဖန်ပါတယ်။

“၂၀၂၂ ခုနှစ်ကလည်း မင်းအောင်လှိုင်က ငြိမ်းချမ်းရေးမလုပ်ခဲ့ပါဘူး။ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစည်းနဲ့ စစ်ပွဲမ ဖြစ်တဲ့ အင်အာစုတစ်ချို့နဲ့ ဆွေးနွေးပွဲတွေလုပ်ပြီး တစ်ဖက်မှာ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေတဲ့ NUG PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဒေသတွေ နောက်ပြီးတော့ သာမန်အရပ်သား/သူတွေ လူထုတွေနေထိုင်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကိုလည်း ဖျက်ဆီးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အကြမ်းဖက်မှုတွေကို အပြင်းအထန်လုပ်ခဲ့တဲ့အတွက် အတိုက်အခံအင်အားစုတွေနဲ့ အခုနှစ်တိုက်ပွဲတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပြည်တွင်းစစ်မီးတောက်တွေကြားထဲ ကျတော့မယ့် အနေအထားရောက်နေပြီလို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

လက်ရှိမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ကျောင်းသားတပ်မတော် (ABSDF) ၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတာပါ။

စစ်တပ်အာဏာသိမ်း ၂ နှစ်အတွင်း မြို့နယ်ပေါင်း ၁၉၀ ကျော်ထက်မနည်းမှာ တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေအားလုံးရဲ့ ထက်ဝက်ကျော်ဟာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.