စစ်တွေ၊ ဖေဖော်ဝါရီ (၁၂)

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်တွေ စခန်း ချရာနေရာတွေရဲ့ အနီးဝန်းကျင်ရွာတွေမှာရှိတဲ့ အိမ်ကြီးအိမကောင်းတွေကို စစ်ကောင်စီတပ်သားတွေက ဖျက်ဆီးပြီး အိမ်ဆောက်ပစ္စည်းတွေနဲ့ လူ့အသုံးအဆောင်တွေကို ယူဆောင်သွားတာတွေလုပ်ဆောင်နေလို့ ဒေသခံတွေထံမှ သိရပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရ အပစ်ရပ်ထားလိုက်ကြပေမယ့် စစ်တပ်ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်ကြတဲ့ ရခိုင်စစ်ရှောင်အများစုဟာနေရပ်ပြန်ဖို့ အဆင် မပြေနိုင်ကြသေးဘဲ လူနေအိမ်တွေဟာ ပိုင်ရှင်မဲ့သဖွယ်ဖြစ်နေကြချိန်မှာ စစ်ကောင်စီတပ်သားတွေက အခုလို ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ် တင်းမကျေးရွာရှိ လူနေအိမ်တွေဟာ ရွာသားတွေမရှိတဲ့ နောက်ပိုင်းမှာ ဖျက်ဆီးခံနေကြရပြီး အဲဒီနေရာအနီးတစ်ဝိုက်ဟာ စစ်ကောင်စီတပ်စခန်းချထားပြီး ပြည်သူတွေ ဝင်ထွက်သွားလာခွင့်မရှိတဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးယူငင်နေတာကို အေအေကလည်း ကြားဝင်ဟန့်တားခြင်းမရှိသလို တစ်စုံတစ်ရာပြောဆိုခြင်းလည်းမရှိလို့ ဒေသခံတွေက အပစ်အခတ်ရပ်စဲလိုက်တာရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပေါ် ခံစားလာကြရတာလို့ ဒေသခံတွေအကြား ပြောဆိုသံတွေ ထွက်ပေါ်လာနေပါတယ်။

“ အဲဒီနေရာတွေက အပစ်မရပ်ခင်တုန်းက ပြဿနာမရှိဘူး။ သူ့စည်းကိုယ့်စည်းမကျော်ကြဘူး။ အေအေတွေ ဘက်မှာနေတဲ့သူက အေအေဘက်ပဲကြည့်စရာလိုတယ်။ စစ်တပ်နယ်မြေစိုးမိုးထားတဲ့ နေရာကလူတွေက လည်း စစ်တပ်ပဲကြောက်စရာလိုတယ်။ အပစ်ခတ်ရပ်စဲလိုက်တာ့ စစ်တပ်ကလည်း ဝင်ချင်တိုင်းဝင်၊ ထွက် ချင်တိုင်းထွက်လုပ်လာတဲ့အခါကျတော့ ကျေးရွာတွေမှာ အောက် ခြေနယ်ဘက်ကလူတွေအတွက် အသက်အိုးအိမ်စည်း စိမ်က မေးခွန်းထုတ်စရာဖြစ်လာတယ်။ ပိုစိုးရိမ်စရာဖြစ်လာတယ်။ဘယ်သူ့အတွက် အပစ်ရပ်လိုက် တာလဲ ။ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ပြည်သူလူထုအတွက်လား။ နှစ်ဖက်အဖွဲ့တွေအတွက်လား”လို့ ကျောက်တော်မြို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကုလားတန်မြစ်ကြောင်းအထက်ပိုင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့တို့အကြားရှိ တင်းမကျေးရွာဟာ ၂၀၂၀ ပြည့်နှစ်တုန်းက စစ်ကောင်စီတပ်တွေ လာရောက်စခန်းချနေထိုင်ပြီး ကျေးရွာသားတွေကို ဝင်ရောက်ဖမ်းဆီးတာတွေ၊ နေအိမ်တွေကို မီးရှို့တာတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြရတဲ့ရွာပါ။

အဲဒီအချိန်က ကုလားတန်မြစ်ကြောင်းမှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား အချိန်အကြာရှည်ဆုံး တိုက်ပွဲတစ်ခုဖြစ်တဲ့ ရက်ပေါင်း ၃၀ ကျော်အကြာ မီးဝတိုက်ပွဲကြောင့် အနီးဝန်းကျင်ကျေးရွာတွေက ရွာသား တွေ နေရပ်စွန့်ခွာကြရသလို တင်းမအပါအဝင် မုန့်သန်းပြင်စတဲ့ကျေးရွာတွေဟာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ ကြရတာပါ။

တင်းမကျေးရွာမှာ မီးလောင်ပျက်စီးခြင်းမရှိဘဲ ကျန်နေခဲ့တဲ့နေအိမ် ၄၀၀ ကျော်ရှိနေပြီး သစ်အကောင်း စားတွေနဲ့ ဆောက်လုပ်ထားတဲ့ တန်ဖိုးကြီးနေအိမ်အများစုကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီးယူဆောင်နေတာ ဖြစ်ပါတယ်။

၂၀၂၀ပြည့်နှစ်ကနေ အခု ၂၀၁၃ ခုနှစ်အထိ လေးနှစ်နီးပါးအကြာ နေအိမ်စွန့်ခွာ နေကြရတဲ့ တင်းမရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက စစ်ရှောင်တွေဟာ သူတို့ရဲ့ လူနေအိမ်တွေနဲ့ ဥယျာဉ်ခြံမြေတွေကို လုံခြုံရေးအကြောင်းပြချက်ကြောင့် အခုအချိန်အထိ သွားရောက်ကြည့်ခွင့် မရသေးပါဘူး။

“ ဒေသခံတွေအတွက် လုပ်ပေးနေပါတယ်ဆိုတဲ့ အေအေက အခုဒါမျိုးကျလက်ပိုက်ကြည့်နေသလားလို့ ကျွန် တော်တို့မေးပြီ။ သူတို့ချင်း အဆင်ပြေနေချိန်ဆိုရင် ဘာပဲယူယူ၊ ဘာပဲလုပ်လုပ် မျက်နှာလွှဲပေးထားတယ်။ သူတို့လိုအပ်ချက်ရှိလာပြီဆိုရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ် ထလုပ်နေတာ။ သူတို့လိုအပ်ချိန်ကျ အေအေက တိုင်းပြည်အတွက်လိုလို တိုင်းရင်းသားအရေးအတွက်လိုလို လုပ်တယ်။ တကယ် အခုလို ဖြိုဖျက်ယူငင်နေချိန် ကျတော့ သူတို့အလိုမရှိကြောင်း၊ ဆင်ခြင်ရပ်တန့်ဖို့လိုကြောင်း တင်းမာမှုဖြစ်လာနိုင်ကြောင်း ကြေညာချက် ထုတ်ရမယ်လေ” လို့ သံတွဲဒေသခံတစ်ဦီးကပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်တပ်တို့ ပထမအကြိမ် အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းကစပြီး တင်းမကျေးရွာသား တွေဟာ နေရပ်ပြန်ခွင့်ရဖို့အတွက် ပြည်နယ်ကောင်စီနဲ့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို စာပို့အကြောင်းကြားလာတာ( ၉) ကြိမ်တိုင်တိုင်ရှိနေပြီ ဖြစ်ပါတယ်။

ရခိုင်စစ်ရှောင်တွေအနေနဲ့ နေရပ်ပြန်ခွင့်မရသေးခင် ပိုင်ဆိုင်တဲ့ နေအိမ်တွေကို ဖျက်ဆီးမှုတွေရှိနေတာကြောင့် တားမြစ်ကာကွယ်ပေးဖို့ ကိစ္စနဲ့ ဘာသာရေးအဆောကအအုံတွေနဲ့ လူနေအိမ်တွေအနီးမှာ စစ်ကောင်စီက တပ်စွဲထားတာတွေကို ရုပ်သိမ်းပေးဖို့ ထည့်သွင်းအသနားခံထားပေမယ့် လျစ်လျူရှုခံနေကြရတယ်လို့လည်းသိရ ပါတယ်။

ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကအစိုးရအနေနဲ့ ဒုက္ခသည်တွေကို နေရပ် ပြန်ပို့ဖို့ ပြင်ဆင်ထားပြီး တချို့နေရာတွေမှာ ပြန်မယ့်သူတွေကို စာရင်းကောက်ယူတာတွေ လုပ်နေပေမယ့် ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်က ကျေးရွာတချို့ကတော့ လုံခြုံရေးအခြေအနေတွေအရ လတ်တလော မှာ ပြန်ခွင့်ရနိုင်မှာ မဟုတ်သေးဘူးလို့ ပြောဆိုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.