ပုလော – ဖေဖော်ဝါရီ(၁၃)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ညောင်ရှင်ကုန်းကျေးရွာမှာ အသက် ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၇ ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၁၁ နာရီလောက်မှာ ညောင်ရှင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နေအိမ်ကို လက်နက်ကိုင် လူစုရောက်ရှိလာပြီးနောက် ကလေးငယ်တွေ အပါအဝင် မိသားစုဝင် ၇ ဦးကို ပစ်သတ်သွားခဲ့တာပါ။

သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးရဲ့ မိန်းမ၊ သမီးနဲ့ မြေးဖြစ်သူတွေ သေဆုံးခဲ့တာ ဖြစ်ပြီး အုပ်ချုပ်ရေးမှူးကတော့ နေအိမ်မှာရှိမနေဘူးလို့ သိရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲအတွက် မြေးဖြစ်သူတွေ ဖြစ်တဲ့ အသက် ၁ နှစ်အရွယ် မောင်သားသား၊ အသက် ၆ နှစ်အရွယ် မမေဇင်ဖြူ၊ အသက် ၁၃ နှစ်အရွယ် မောင်စိုးမင်းပိုင်၊ အသက် ၁၆ နှစ်အရွယ် မောင်ဇေယျာအောင်၊ အသက် ၁၇ နှစ်အရွယ် မောင်နေထက်သိန်း၊ သမီးဖြစ်သူ ဒေါ်သန်းသန်းမော်၊ မိန်းမဖြစ်သူ ဒေါ်ကြင်နွဲ့တို့ သေဆုံးခဲ့တာပါ။

မြိတ်ခရိုင်တပ်ရင်း(၁)ပြန်ကြားရေး တာဝန်ခံကတော့ အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင်တွေကို အသတ်ခံရမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လုပ်တာ မဟုတ်ကြောင်းနဲ့ အခုဖြစ်စဉ်အတွက် လုပ်တဲ့သူတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် မိသားစုဝင် ၇ ဦး သေဆုံးမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ လူမဆန်တဲ့ အစုအလိုက် အပြုံအလိုက် သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ထောက်ခံသူတွေရဲ့ တယ်လီဂရမ်အကောင့်တွေမှာတော့ အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်လို စွပ်စွဲထားတာပါ။

သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor ရဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း အရပ်သား ၃၆၀ ကျော် အသတ်ခံထားရတယ်လို့ ဖေဖော်ဝါလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.