မြဝတီ၊ ဖေဖော်ဝါရီ(၁၂)

စစ်ရေးတင်းမာမှုရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ထီးကပလယ်ကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့တာကြောင့် ဘာသာရေးအဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုထံကနေ သိရပါတယ်။

တပ်မဟာ(၆)နယ်မြေ မြဝတီမြို့ တောင်ဘက်ခြမ်းရှိ ထီးကပလယ်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း(၈) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့ရာကနေ အဲဒီဒေသအတွင်း စစ်ရေးအခြေအနေ တင်းမာနေတာပါ။

အဲ့ဒီနောက် KNDO တပ်ရင်း(၈)က ဝေါလေနဲ့ထီးကပလယ် ကားလမ်းမကြီးကို ဖေဖော်ဝါရီလ(၈)ရက်နေ့ကစပြီး အရပ်သားတွေ အဖွဲ့အစည်းတွေအနေနဲ့ သွားလာတာတွေ မပြုလုပ်ဖို့ စာထုတ်ပြန်တားမြစ်လိုက်ပြီး ဒီလို အသိပေးထုတ်ပြန်ရတာဟာ တိုက်ပွဲကြောင့် ဒေသခံပြည်သူလူထုအပေါ် ထိခိုက်မှုရှိမှာစိုးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ KNDO တပ်ရင်း(၈)က ဆိုထားပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ထီးကပလယ်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ (၉)ရက်နေ့ ည(၈)နာရီအချိန်က တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း ပျက် စီးသွားခဲ့ပြီး လူထိခိုက်မှုကတော့ မရှိဘူးလို့ KNDO တပ်ရင်း(၈)ရဲ့ သတင်းရင်းမြစ်တစ်ဦးထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ(၆)နယ်မြေအတွင်းကို လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေကို အဆက်မပြတ်လုပ်ဆောင်လာနေပြီး ဒီလိုတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရခဲ့ကာ နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.