နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၂)

လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ်လိုအပ်တဲ့ အရပ်သားတွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေအတွက် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခန်း ၁၃ ခန်းနဲ့ ပုဒ်မ ၃၄ ခု ပါဝင်တဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို အရင်ပြည်ထဲရေးဝန်ကြီး ဌာနရဲ့ ၁၉၇၇ ခုနှစ် အမိန့်အမှတ် ၅၅ နဲ့ ထုတ်ပြန်ခဲ့တဲ့အမိန့်ကို ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တည်ဆဲလက်နက်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာနဲ့ ညွှန်ကြားချက်တွေမှာပါရှိတဲ့ ပြဌာန်းချက်တွေကို လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနဲ့အညီ လိုက်နာကျင့်သုံးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားမှာတော့ ၃၈ လက်မနဲ့ အဲဒီထက် ပြောင်းဝငယ်တဲ့ ဆုံလည် သေနတ်၊ ပစ္စတိုသေနတ်၊ ပြောင်းချောသေနတ်၊ အမဲလိုက်သေနတ်နဲ့ လေသေနတ်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားမှာတော့ ၃၈ လက်မနဲ့ အဲဒီထက်ပြောင်းဝကျယ်တဲ့ ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်တွေနဲ့ စက်သေနတ်ကလေးအုပ်စုဝင် သေနတ်တွေ ပါဝင်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှာ မှတ်ပုံတင်စာရင်းသွင်းပြီးတဲ့ သေနတ်ဖြစ်ရမယ်လို့ ဆိုပါတယ်။

သေနတ်ကိုင်ဆောင်ခွင့်လျှောက်ထားသူအနေနဲ့ လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ် လိုအပ်သူဖြစ်ရမှာဖြစ်ပြီး နိုင်ငံတော် လုံခြုံရေး၊ ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည် ငြိမ်ရေးကို အနှောင့်အယှက်ပြုနိုင်သူ မဖြစ်စေရဘူးလို့ ဖော်ပြပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနဲ့ပတ်သက်ပြီး သူတို့နဲ့ ဆက်နွယ်သူတွေကို လက်နက်တပ်ဆင်လိုက်ပြီဖြစ်တဲ့အတွက် ကာကွယ်ဖို့ထက် ဒီမိုကရေစီအင်အားစုကို အချိန်မရွေး သတ်ဖြတ်နိုင်တယ်လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဝေဖန်ပါတယ်။

“ဒီမိုကရေစီအင်အားစုတွေ လက်ထက်ကတည်းက စစ်တပ်ရန်ကို ကာကွယ်ဖို့အတွက် လက်နက်က လိုင်စင်နဲ့ ထုတ်ပေးရမှာ၊ ခွင့်ပြုရမှာ။ အဲဒီတော့ ရန်သူက အခုလက်ဦးမှုယူပြီး သူ့လူတွေကို လက်နက်တပ်ဆင် လိုက်ပြီ။ အဲဒါပဲ သေနတ်ကိုင်ထားတဲ့သူတွေက တို့ကို (ဒီမိုကရေစီသမားတွေ) အချိန်မရွေးသတ်နိုင်တယ်။ သူတို့စိတ်နဲ့ တို့ကို သတ်နိုင်တယ်၊ သတ်ပလိုက်လိမ့်မယ်။ သတ်လိုက်ရင် ဘာမှ ထိထိရောက်ရောက် အရေးယူနိုင်မှာ မဟုတ်ဘူး။ သူ့လူတွေကို လက်နက်တပ်ဆင်လိုက်တဲ့ဟာ ကိုယ့်လူတွေ ညံ့လို့ ခံရတာပဲ။ အဲဒီတော့ သူတို့က အချိန်မရွေး တို့ကို သူတို့ကိုယ် သူတို့ ကာကွယ်တာက ကာကွယ်ပါ၊ ဘယ်သူမဆို။ ဒါပေမယ့် တို့ကို သတ်မှာ ဒီမိုကရေစီသမားတွေကို သတ်မှာ။ အဲဒီအတွက် တပ်ဆင်ပေးလိုက်တာ၊ ဒီလိုပဲ မြင်တယ်”လို့ သူက ဆိုပါတယ်။

သေနတ်ကိုင်ဆောင်ခွင့်ကိုတော့ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ အရပ်သားတွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မ တော်သားတွေ လျှောက်ခွင့်ရှိပြီး လုံခြုံရေးနဲ့ပတ်သက်တဲ့ အရေးယူခံရဖူးသူ မဖြစ်စေရဘူးလို့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူမှာ ဆိုထားပါတယ်။

လိုင်စင်နဲ့ဖြစ်စေ၊ ပါမစ်နဲ့ဖြစ်စေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ရရှိသူတွေအနေနဲ့ ဒေသဆိုင်ရာလုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်က ဖြစ်စေ၊ ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်က ဖြစ်စေ ပါဝင်ဆောင်ရွက်ဖို့ ညွှန်ကြားတဲ့အခါ လိုက်နာဖို့တာ ဝန်ရှိတယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် ပြစ်မှုဆိုင်ရာမှုခင်းတွေနဲ့ ဒုစရိုက်လုပ်ငန်းတွေကို တားဆီးနှိပ်နင်းဖို့ မိမိနဲ့ သက်ဆိုင်တဲ့ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ၊ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်က ဖြစ်စေ အကူ အညီ တောင်းခံတဲ့အခါပါဝင်ဖို့ တာဝန်ရှိတယ်လို့လည်း စစ်ကောင်စီရဲ့ လက်နက်ကိုင်ဆောင်ခွင့်မူမှာ ဖော်ပြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ စစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေကို လုံခြုံရေးပေးဖို့ ခက်ခဲလာတဲ့ သဘောရှိပြီး ပြည်သူအချင်းချင်း ပဋိပက္ခအသွင်မျိုး ရောက်သွားအောာင် တမင်ဖန်တီးတဲ့ လုပ်ဆောင်မှုလို့ ဝေဖန်တာပါ။

“နိုင်ငံအတွင်းကို ထိန်းချုပ်ဖို့ သူတို့ (စကစ) ခက်ခဲလာတယ်ဆိုတာ သိသာတယ်။အခုနောက်ဆုံး Martial Law (စစ်အုပ်ချုပ်ရေး) လည်း ထုတ်ထားတယ်။ အဲဒီလို ထုတ်ပြီး ထိန်းချုပ်နေတဲ့အချိန်မှာ ကျန်တဲ့ Martial Law မထုတ်တဲ့နေရာတွေမှာ လက်နက်ကိုင်ပဋိပက္ခ အထူးသဖြင့် စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေ ရှိလာတဲ့ဟာကို လုံခြုံရေးပေးဖို့ ခက်ခဲလာတဲ့ သဘောတွေ ရှိလာတယ်။ အဲဒီအတွက်ကြောင့် ဒီလိုမျိုးလုံခြုံရေးအရ ခေါင်းစဉ်တပ်ပြီးတော့ ပြည်သူတွေကို လက်နက်တင်ဆင်ပေးလိုက်တယ်ဆိုတဲ့ဟာက သူတို့နဲ့ရှိနေတဲ့ ပဋိပက္ခက ပြည်သူအချင်းချင်းဖြစ်ပွားတဲ့ ပဋိပက္ခအသွင်မျိုး ရောက်သွားအောင် တမင်ဖန်တီးပြီး လုပ်ဆောင်မှုတစ်ခုဖြစ်တယ်လို့ ဝေ ဖန်သုံးသပ်လို့ ရကောင်းရနိုင်တယ်”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုရှိ မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားပြီး နိုင်ငံအနှံ့နီးပါးမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EROs) တို့ လက်နက်ကိုင် စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန် လာနေပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ စစ်တပ်ဒေါက်တိုင်တွေကို ပါဝင်အားဖြည့် ပေးနေကြတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်အဖွဲ့တွေ၊ သတင်းပေးဒလန်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းမှုတွေ ရှိသလို NLD ပါတီဝင်တွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုလည်း စစ်ကောင်စီဘက် က သတ်ဖြတ်မှုတွေ ရှိနေတာပါ။

အာဏာသိမ်း ၂ နှစ်အတွင်း ဆန္ဒပြပွဲတွေမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေနဲ့ ဖမ်း ဆီးခံထားရပြီး သေဆုံးခဲ့ရတဲ့ အရပ်သား ၃၀၀၀ နီးပါးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ အစိုးရဝန်ထမ်းတွေ၊အုပ်ချုပ်ရေးမှူးတွေ၊ ရဟန်းသံဃာ၊ကလေးသူငယ်နဲ့ အရပ် သားအပါဝင် သေဆုံးသူပေါင်း ၅၄၀၀ ကျော် ရှိတယ်လို့ ပြောဆိုထားပေမယ့် ကိန်းဂဏန်းအချက်အ လက်ကိုတော့ သီးခြားအတည်ပြုချက် မရှိဘူးလို့ ISP-Myanmar က ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.