မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၂)

မွန်ပြည်နယ်အတွင်းက နေလှန်ဆားတောင်သူတွေဟာ ဆားအသစ်ထွက်ရှိချိန်မှာ ဈေးနှုန်း ဆက်တိုက် ကျဆင်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အရှုံးပေါ်နေကြတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆားဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဆားကြမ်းတစ်ပိဿာကို ကျပ်(၂၃၀) ဝန်းကျင် ပေါက်ဈေးရှိရာကနေ ဖေဖော်ဝါရီ ဒုတိယအပတ်မှာတော့ တစ်ပိဿာကို ကျပ်(၁၃၀) ဝန်းကျင်ထိ ဈေးနှုန်းကျဆင်းလာ တာ ဖြစ်ပါတယ်။

ဆားဈေးနှုန်း ကျဆင်းလာတာဟာ ဆားအသစ်ထွက်ရှိမှုများပြီး ဈေးကွက်အတွင်း အသုံးပြုသူ နည်းပါး လာတာကြောင့် ရောင်းလိုအားများပြီး ဝယ်လိုအားနည်းတဲ့အတွက် ဈေးနှုန်းဆက်တိုက် ကျဆင်းနေတာပါ။

ဆားဈေးနှုန်းကျဆင်းနေပေမယ့် လုပ်ငန်းခွင်မှာ လုပ်သားခနဲ့ စက်သုံးဆီဈေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ဆားတောင်သူတစ်ဦးက ပြောပါတယ်။

“ဆားဈေးနှုန်းကျရင် ဆားတောင်သူတွေက အရှုံးရင်ဆိုင်ရတာပေါ့။ ဒီနှစ်က ကုန်ဈေးနှုန်းတွေ အားလုံး တက် တယ်။ လုပ်သားခတွေလည်း ဈေးတိုးသွားတယ်လေ။ နောက်လောင်စာဆီ တအားသုံးရတယ်။ ရေရဖို့ အတွက် ရေစုပ်စက်တွေ မောင်းရတော့ သုံးရတဲ့လောင်စာဆီတွေက မနည်းဘူး။ လောင်စာဆီတွေကလည်း အခု ဂါလံ(၅၀) တစ်ပီပါ ဆိုရင် (၆)သိန်း နီးပါးဖြစ်နေတယ်။ ကိုယ့်ဆီကထွက်တဲ့ ပစ္စည်းဈေးကကျတော့ အကျိုးအမြတ်နည်းတာပေါ့ဗျာ။ ကျွန်တော်တို့တွေက မိရိုးဖလာအလုပ်။ တခြားလည်း ပြောင်းလို့မရဘူးဆိုတော့ အရှုံးပေါ်ရင် ဆားသမားတွေက ကိုယ့်မှာငွေကုန်သွားရင် ငွေရှာ၊ ငွေတိုးရှာ အကြွေးတွေ ပြန်တက်။ ပြီးတော့ ဆားဈေးနည်းနည်း ပြန်ကောင်းလာရင် အကြွေးပြန်ကြေလိုက်၊ အ ကြွေးတက်လိုက်၊ အဲဒီလိုမျိုး ဘဝနဲ့ လုံးလည်ချာလည် ဖြစ်နေတာပေါ့။ ကျွန်တော်တို့မှာ၊ လောလော ဆယ်က တခြားဖြတ်လမ်းမှ မရှိတာ”လို့ ဆိုပါတယ်။

ဒါ့အပြင် နေလှန်ဆားလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဆားကိုအသုံးပြုပြီး လုပ်ငန်း ဆောင်ရွက်နေကြတဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုတွေမှာလည်း လျော့ကျလာတာကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတဲ့ ပြဿနာကိုပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဆားတောင်သူတစ်ဦးကတော့ ဆားဈေးနှုန်း ကျဆင်းနေပေမယ့် အလုပ်သမားစရိတ်တွေအပြင် အထွေ ထွေကုန်ကျစရိတ်တွေအတွက် ရတဲ့ဈေးနဲ့ ရောင်းချနေရတယ်လို့ ပြောပါတယ်။

“ဆားဈေးကျတဲ့ အခါကျတော့ တချို့ကတော့ မရောင်းနိုင်ဘူးပေါ့လေ။ ဂိုဒေါင်ထဲမှာ သိမ်းထားတာပေါ့။ တချို့ကလည်းပဲ လုပ်အားခငွေလိုတဲ့ အခါကျတော့ ထုတ်ရောင်းကြတာပေါ့ ပေါက်ဈေးကို။ ကျွန်တော်တို့ ဆားဈေးက ဒီလိုပဲကျသွားမယ် ဆိုလို့ရှိရင် ဆားလုပ်တဲ့ တောင်သူတွေက လုပ်အားခတို့၊ကုန်ကျစရိတ်တွေက နည်းနည်း အခက်အခဲရှိတာပေါ့လေ။ တချို့ကလည်းပဲ ပေါက်ဈေးကိုပဲ မျှော်ပြီးတော့ ရောင်းရတာပေါ့။ အရှုံးခံပြီးတော့ ရောင်းရတာပေါ့။ ဆားဈေးကျတဲ့အခါကျတော့ ကျွန်တော်တို့က ဆားချက်သမားတွေလည်း အဝယ်နည်းသွားတာပေါ့။ အခု ကျွန်တော်တို့ လုပ်ငန်းတိုးချဲ့ဖို့တော့ မရှိဘူးပေါ့လေ။ လက်ရှိလုပ်နေတဲ့ ဧကလောက်ပဲ ဆက်ပြီးတော့ ထိန်းသွားတာပေါ့။ ဈေးကွက်ထဲမှာတော့ အရောင်းအဝယ် မရှိလို့ပေါ့။ ကျွန်တော်တို့ ဆားဝယ်တဲ့ ဆားတောင်သူတွေက ထုတ်လုပ်ပြီးတော့ ရောင်းဖို့ဆိုတာ စရိတ်ကမတတ်နိုင်တော့ တချို့ကလည်းပဲ ရောင်းကြတာပေါ့။ ပွဲစားသမားပြောတဲ့ ဈေးကိုပဲ ပေးရတာပေါ”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ နေလှန်းဆားတွေကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ အဓိကထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် (၄၀၀၀၀)ကျော် ထွက်ရှိနေတာပါ။

ထွက်ရှိလာတဲ့ ဆားတွေကိုတော့ ဒေသတွင်း အသုံးပြုမှုရှိသလို ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ကိုလည်း တင်ပို့ရောင်းချနေတာ ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဆားတောင်သူတွေဟာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ မကြာခဏ ဆားကွင်းဖျက်မိုးနဲ့ ကြုံနေရတာကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.