အန်ကာရာ၊ ဖေဖော်ဝါရီ(၁၂)

တူရကီနိုင်ငံတောင်ပိုင်းမှာ ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လယ်ကွင်းတွေ၊ လမ်းတွေ၊ ချောင်းတွေ နဲ့ တောင်ကုန်းတလျှောက် အက်ကွဲကြောင်းတွေကို ဒရုန်းဗီဒီယိုဖိုင်မှာ ပြသခဲ့ပါတယ်။

တူရကီနိုင်ငံတောင်ပိုင်း ခါရာမန်မာရာပြည်နယ်ရှိ တီဗစ်ကီရီမြို့အနီးမှာ တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင် ကြောင့် မြေအက်ကွဲကြောင်းတွေက တာတမံတွေကိုပါဖြတ်ပြီး မြေပြင်ကျယ်တလျောက် ပွင့်ထွက်သွားခဲ့တယ် လို့ ဆိုပါတယ်။

အက်ကွဲကြောင်းတွေဟာ အဝေးပြေးလမ်းကို တိုက်မိတဲ့အခါ ကတ္တရာလမ်းနဲ့ မာကြောတဲ့အတားအဆီးတွေကို ဖြိုချခဲ့ပြီး ကြီးမားတဲ့ ကျောက်တုံးကြီးတွေဟာ လမ်းတွေမှာ ပြိုကျပိတ်ဆို့နေခဲ့တာကြောင့် ယာဉ်မောင်းတွေက စောင့်ဆိုင်းခဲ့ရပါတယ်။

“တနင်္လာနေ့ မနက်အစောပိုင်းမှာ လန့်နိုးခဲ့ပြီး အထိတ်တလန့်နဲ့ အိမ်ကနေ ထွက်သွားနိုင်မလား ဒါမှမဟုတ် အသက်ရှင်နိုင်မလားဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး။ မျှော်လင့်ချက်တွေ ဆုံးရှုံးသွားခဲ့တယ်။ မနက်ခင်းမှာ ဖြစ်ပျက်ခဲ့တာကို တွေ့လိုက်ရတော့ ဒါက ငလျင်ဗဟိုချက်ပဲလို့ သိခဲ့တယ်” လို့  ဒေသခံတစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောပါတယ်။

တူရကီနဲ့ ဆီးရီးယားနိုင်ငံတောင်ပိုင်းမှာ ဆယ်စုနှစ် နှစ်ခုအတွင်း အသေအပျောက်အများဆုံး ငလျင်လှုပ် ခတ်မှုကြောင့် စုစုပေါင်းသေဆုံးသူဦးရေဟာ သောကြာနေ့ကထိ ၂၂,၀၀၀ ကျော်ရှိခဲ့တာဖြစ်ပါတယ်။

တူရကီနိုင်ငံရှိ အဆောက်အအုံအပျက်အစီးများတွင် ပိတ်မိနေပြီး အခြားနေရာများမှ လူအများအပြားကို တူးဖော်ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက (၁၀) ရက်သား ကလေးငယ်နဲ့သူ့ရဲ့မိခင်ဖြစ်သူတို့ကို ကယ်တင်နိုင်ခဲ့ကာ သမ္မတ တေယစ်အာဒိုဂန်က အာဏာပိုင်တွေကိုလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်အမြန် လုပ်ဖို့ ဖိအားပေးထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.