ဂန့်ဂေါ – ဖေဖော်ဝါရီ(၁၀)

နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ လူငယ်တော်လှန်ရေးသမားတွေအနေနဲ့ တော်လှန်ရေးအပေါ် စိတ်ရှည်ကြဖို့ စုစည်းညီညွတ်ကြဖို့နဲ့ စဉ်ဆက်မပြတ်လေ့လာနေကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုရက်တစ်တပ်ဦး (ABSDF) ဥက္ကဌ ရဲဘော်သံခဲ က ပြောခဲ့ပါတယ်။

ABSDF ဥက္ကဋ္ဌရဲဘော်သံခဲနဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒီနှစ်အစောပိုင်းက ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPDF) ကို ပထမအကြိမ်သွားရောက်ခဲ့ကြပြီး နောက် ယောနက ခန်းမမှာ တော်လှန်ရေး ရဲဘော်တွေကို အခုလိုပြောခဲ့တာပါ။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) နဲ့ ABSDF(ယောဒေသ) တို့ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတည်းက အာဏာရှင်တော်လှန်ရေးမှာ စစ်ရေး၊နည်းပညာ၊လက်နက်ခဲယမ်း၊ သင်တန်း စတဲ့ ကိစ္စရပ်တွေမှာ အောက်ခြေအဆင့် လက်မှတ်ရေးထိုးပြီး မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက် ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ရဲ့ တော်လှန်ရေးသမိုင်း ဖြတ်သန်းပုံအဆင့်ဆင့်နဲ့ အတွေ့အကြုံတွေ၊ လက်ရှိနွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အကြောင်း အရာတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်း(EAOs/EROs) တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေမှုတွေကိုလည်း ယောဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ABSDF တပ်ဖွဲ့ဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်နေတာ နှစ်ပေါင်း (၃၀) ကျော် သက်တမ်း ရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ကာကွယ်ရေး တပ်ဖွဲ့ တွေကို သင်တန်းပေးတာနဲ့ ထောက်ပံ့တာတွေလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.