ကြာအင်းဆိပ်ကြီး၊ ဖေဖော်ဝါရီ(၁၁)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်က စစ်ရေးတိုးချဲ့ပြင်ဆင်တာအပြင် အစစ်ဆေးကြမ်းနေတာကြောင့် ပြည်သူလူထုတွေဟာ မလုံခြုံမှုနဲ့ လူမှုဘဝကျပ်တည်းမှုတွေကို ပိုမိုကြုံတွေ့လာနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါ တယ်။

စစ်ကောင်စီဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း(၃၇)မြို့နယ်ကို စစ်အုပ်ချုပ်ရေး Martial Law ကျင့်သုံးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂)ရက်နေ့ ရက်စွဲနဲ့ အမိန့်ထုတ်ပြန် ကြေညာထားတာဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေအတွင်းမှာ စစ် ကောင်စီတပ်က စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးပြင်ဆင်မှုတာ၊ လက်နက်ရိက္ခာ ဖြည့်ဆည်းလာတာတွေ ဆက် တိုက်လုပ်ဆောင်နေသလို စစ်ဆေးမေးမြန်းမှုတွေ ပိုမိုလုပ်ဆောင်နေတာကြောင့် လူမှုဘဝကျပ်တည်းမှုနဲ့ ပိုမိုကြုံတွေ့လာရတယ်လို့ ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့ မြို့တွေမှာပေါ့နော်။ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ စသဖြင့်မြို့တွေမှာ စစ်သည်အင်အားတိုးချဲ့တာတွေရှိတယ်။ စစ်ရေးပြင်ဆင်မှုတွေ ရှိတယ်။ နောက်လက်နက်နဲ့ ရိက္ခာလာလာပြီးတော့ ချနေတာတွေရှိတယ်။ အဲဒါတွေကတော့ သူတို့ဆက်တိုက် လုပ် ဆောင်နေတာပေါ့။ ပြီးတဲ့အခါ ဂိတ်တွေအရမ်းများလာတယ်။ အရင်တုန်းကဆိုရင် ဂိတ်နှစ်ဆင့်၊ သုံးဆင့်လောက်ရှိတဲ့နေရာမှာ အခုကတော့ ငါးဆင့်၊ ခုနစ်ဆင့် စသည်အားဖြင့် လုပ်လာနေတာတွေရှိတယ်။ အဲဒါကြောင့် ဒေသခံပြည်သူလူထုအနေနဲ့ ပိုပြီးတော့ကျီးလန့်စာစားဖြစ်လာတယ်။ စားရေး၊ သောက်ရေးတွေ ပိုပြီးတော့အဆင်မပြေ ဖြစ်လာတယ်ပေါ့။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ဂိတ်တိုင်းမှာပဲ စစ်ဆေးတဲ့ကိစ္စတွေကရှိနေတာကိုး။ ပြည်သူတွေရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ခြံစိုက်တာတွေ၊ ရော်ဘာခြစ်တာတို့၊ ပီလောပီနံတွေတူးရတဲ့အချိန်မှာ ပုံမှန်အလုပ်တွေကိုတောင်မှ စိတ်ချ၊ လက်ချမလုပ်ရဲတဲ့ အ တိုင်းအတာတွေဖြစ်နေတယ်။ မြို့နဲ့နီးစပ်တဲ့ရွာတွေမှာဆိုရင်တော့ ကိုယ့်အလုပ်တောင် ကိုယ်မလုပ်ရဲ၊ ဘယ်အချိန်လာပြီးတော့ ပစ်ချမလဲ၊ စစ်ရေးတွေဖြစ်ကြမလဲ ဆိုတာမျိုးတွေနဲ့ ကျီးလန့်စာစားပဲ ဖြစ်နေတယ်ဗျာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်အုပ်ချုပ်ရေးကြေညာပြီး (၁)ပတ်ကျော်အတွင်း ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ကျေးရွာတွေအပေါ်ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ ပိုမိုပြုလုပ်လာနေတာကို တွေ့ရပြီး ဒီလိုတိုက်ခိုက်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သလို စိုးရိမ်ထိတ်လန့်နေရတာတွေလည်း ရှိနေတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ အရေးကြီးတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့် တိုးမြှင့်သတ်မှတ် လိုက်တာဟာ ပြစ်မှုကျူးလွန်သူတွေအတွက်သာဖြစ်ပြီး ပြည်သူတွေအပေါ် ကြေငြာတာမဟုတ်ကြောင်း၊ ပြည် သူတွေအနေနဲ့ စည်းကမ်းနဲ့အညီ လွတ်လပ်စွာနေထိုင်သွားလာလှုပ်ရှားနိုင်တယ်လို့ ဖောဖော်ဝါရီ (၉)ရက်နေ့ ပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဘာသာရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေမှာ နဂိုအခြေအနေကထက် ပိုမိုတင်းကြပ်မှုဖြစ်စေပြီး ပြည်သူလူထုတွေရဲ့ လွတ်လပ်စွာသွားလာနေထိုင်ခွင့်ကိုလည်း ချိုးဖောက် ခံနေရတယ်လို့ ကရင် လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

“မနက် ၆ နာရီ ည ၆ နာရီအတွင်းအတိုင်းအတာမှာ သွားလာမှုကိုခွင့်ပြုတာပေါ့နော်။ ဒီအပေါ်မှာ ဘာတွေအဓိ က အကျိုး သက်ရောက်မှု ဖြစ်စေသလဲဆိုတော့ ဘာသာရေးဆိုင်ရာပေါ့၊ ဥပမာ အစ္စလာမ်ဘာသာဆိုရင် ည နေ၆နာရီအတွင်းမှာပဲ ဝတ်ပြုကိုးကွယ်မှုကို ခွင့်ပြုသလိုဖြစ်နေတယ်။ ဘုန်းကြီးတွေဆိုရင်လည်း ခြောက်နာရီ မှ ဆွမ်းခံထွက်ခိုင်းတာပေါ့နော်။ ကျန်းမာရေးဆိုင်ရာမှာဆိုလည်း တကယ့်အရေးကြီးတဲ့ကိစ္စတွေမှာဆိုရင် သက် ဆိုင်ရာတာဝန်ရှိတဲ့ အာဏာပိုင်တွေမှာ အကြောင်းကြားရမယ်။ ခွင့်ပြုချက်ရမှ ဆေးရုံ၊ ဆေးခန်းသွားရတာမျိုး ကို လုပ်ခိုင်းတာပေါ့နော်။ မာရှယ်လော ထုတ်ပြန်လိုက် တဲ့အပေါ်မှာတော့ အထူးသဖြင့် လွတ်လပ်စွာ သွားလာ နေထိုင်ခွင့်ကို ချိုးဖောက်သလို ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုကိုပိုမို တင်းကျပ်မှု ဖြစ်စေတာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)အုပ်ချုပ်နယ်မြေအတွင်းမှာ ရှိနေတာဖြစ်ပြီး အဲဒီမြို့နယ်တွေအပါအဝင် KNU ကော်သူးလေအုပ် ချုပ်နယ်မြေတွေထဲမှာ KNLA KNDO ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးအခြေအနေတွေ တင်းမာနေတာလည်း ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ စစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ပြီး တရားမဝင်တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ဘာမှနားထောင်စရာမလိုဘဲ လုပ်စရာရှိတာကိုသာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုအပေါ် ပြန်လည်တုံ့ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.