ကော်သူးလေ၊ ဖေဖော်ဝါရီ(၁၀)

KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း စစ်ကောင် စီတပ်ဖွဲ့ နဲ့ KNU လက်အောက်ခံတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဖေဖော်ဝါရီ (၉)ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ (၂)နှစ်အတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးနိုင်ဖို့ အတွက် တပ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာတွေကို အဆက်မပြတ် ပိုမိုလုပ်ဆောင်လာတဲ့အတွက် နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ KNDOနဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၆၈၇၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၅၅၁၉ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းယူမှု (၂)နှစ်အတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားရာ ခရိုင်ဟာ KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာဖြစ်ပြီး အဲဒီခရိုင်ထဲမှာ တိုက်ပွဲပေါင်း (၅၆၃၈)ကြိမ်ဖြစ် ပွားခဲ့ရာ စစ်ကောင်စီဘက်က (၂၇၆၀)ဦး သေဆုံးပြီး (၂၃၄၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြပါရှိပါတယ်။

KNU ရဲ့ အခြားခရိုင်တွေဖြစ်ကြတဲ့ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲဒီခရိုင်(၅)ခုအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ (၄၁၁၆)ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၃၁၇၉)ဦး ရှိတယ်လို့ သိရပါတယ်။

(၂)နှစ်တာ တိုက်ပွဲတွေအတွင်း KNLA KNDO တို့ရဲ့ စစ်ရေးဦးဆောင်မှုအောက်ရှိ စစ်ကြောင်းတွေ၊ ဒရုန်းတပ် ဖွဲ့ တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က (၂၁၉)ဦး ကျဆုံးခဲ့ရပြီး (၆၀၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် စည်းလုံးညီညွတ်မှုနဲ့ အမိန့်နာခံမှုဟာ အရေးကြီးဆုံးအရာဖြစ်ပြီး စစ်အာဏာရှင်စနစ်မကျရှုံးသေးတဲ့အတွက် တော်လှန်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲရဦးမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.