မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၀)

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ KNU ဥက္ကဋ္ဌ နဲ့ KNLA စစ်ဦးစီးချုပ်ထံ စစ်ကောင်စီ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

KNU လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးရေးဆိုတဲ့ အကြောင်းအရာနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီထံ စစ်ကောင်စီ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက ဖေဖေါ်ဝါရီ(၆)ရက်နေ့ ရက်စွဲနဲ့ အသိပေးအကြောင်း ကြားခဲ့တာပါ။

အကြောင်းကြားချက်ထဲမှာ KNU ဥက္ကဋ္ဌကြီးနဲ့ စစ်ဦးစီးချုပ်အပါအဝင် ဗဟိုကော်မတီဝင်တွေအနေနဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ၊ KNDO တပ်ဖွဲ့ဝင်တွေကို အဖျက်လုပ်ရပ်တွေ လုပ်ဆောင်မှုမပြုဖို့၊ ဘယ်လုပ်ရပ်မျိုးကို ပြုလုပ်ခြင်းဖြစ်စေ ပြည်သူအကျိုးကို မျှော်တွေးသုံးသပ်ဆောင်ရွက်ဖို့ ကြပ်မတ်ထိန်း သိမ်းသွားနိုင်ဖို့ဆိုပြီး ပါရှိတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အသိပေးအကြောင်းချက်အပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီအနေနဲ့တုံ့ပြန်ဖို့အတွက် အစီအစဉ်ရှိနေပြီး လတ်တလောမှာ ဒီကိစ္စနဲ့ပတ်သက်လို့ မဖြေကြားပေးနိုင်သေးဘူးလို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောဆိုထားပါတယ်။

KNU တပ်မဟာ(၅) ပြောခွင့်ရသူ ပဒိုမန်းမန်းကတော့ စစ်ကောင်စီက ကနဦးကတည်းက NCA စာချုပ်ကို အခွင့်ကောင်းယူပြီး KNU အပေါ် အကြပ်ကိုင်လုပ်ဆောင်မှုတွေကို လုပ်ဆောင်လာမှာဖြစ်ပြီး KNU အနေနဲ့ NCA စာချုပ်ပျက်ပြယ်ပြီဆိုတာကို ပြတ်ပြတ်သားသား ရှင်းလင်းထုတ်ပြန်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေကို ရပ်နားထားမယ်လို့ ပြောဆိုထားပေမယ့် လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီတပ်နဲ့ KNLA KNDO ပူး ပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က အာဏာသိမ်းမှု(၂)နှစ်တာကာလအတွင်း တိုက်ပွဲပေါင်းအကြိမ်(၈၀၀၀) နီးပါး ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.