ရေဖြူ၊ ဖေဖော်ဝါရီ(၁၀)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ၂၇ မိုင်နဲ့နှမ်းကျဲကျေးရွာကြားမှာ ဘုန်းကြီးကျောင်းကား တစ်စီးကို မှားယွင်းပစ်ခတ်မှု အတွက် နစ်နာသူတွေအပေါ် ဝန်ချတောင်းပန်ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPPDF)က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ တောင်းပန်စာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီဖြစ်စဉ်မှာ ကလိန်အောင်အခြေစိုက်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်နဲ့ဟိုက်ဂျက်ကား ၂ စီးနဲ့လာတယ်လို့ သတင်းအရ ရေး-ထားဝယ်ကားလမ်းအပေါ်မှာ ရှေ့ထွက်မိုင်းဆင်ပြီး တိုက်ခိုက်စဉ် အရပ်သားကားက ကြားဖြတ်ဝင်လာတာကို သတိမထားမိဘဲ မိုင်းဆွဲတိုက်ခိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ ကားပေါ်ပါလာတဲ့ ရာဖူးရွာသစ်ဘုန်းကြီးကျောင်းက ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ၊ အမျိုးသမီး တစ်ဦးသေဆုံးပြီး ယာဉ်မောင်းအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးမှာ ထိခိုက်သွားတဲ့ကားဟာ အရပ်သားကားဖြစ်နေလို့ ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် အခက်ခဲအမျိုးမျိုးကြောင့် သက်ဆိုင်ရာ လူမှုကူညီရေးအသင်းတွေကိုသာ အကြောင်းကြားပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်အတွက် နစ်နာသူအားလုံးကို YPPDF တပ်ဖွဲ့အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ အနူး ညွတ် တောင်းပန်ကြောင်းနဲ့ နောက်နောင် အလားတူဖြစ်စဉ်မျိုးမဖြစ်အောင် အလေးထာဆောင်ရွက်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

YPPDF တပ်ဖွဲ့ဟာ ရေဖြူမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်၊ ယာဉ် တန်းတွေကို တိုက်ခိုက်တာ၊ စစ်ကောင်စီသတင်းပေးတွေကို ရှင်းလာတာတွေကို မိတ်ဖက်တော် လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.