မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၀)

မွန်ပြည်နယ်မှာ လူငယ်တချို့ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ထဲဝင်ရောက်ဖို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲသတင်းပေးတွေက လိုက်လံစည်းရုံးတာတွေ ရှိနေတယ်လို့ ဒေသခံလူငယ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လူငယ်တွေကို စည်းရုံးရာမှာလည်း ဒီအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ထဲ ဝင်ရောက်ပါက ရာထူးတိုး မြန် ဆန်ပြီး လစာကောင်းတွေလည်း ရရှိမှာဖြစ်တယ်လို့ဆိုပြီး လိုက်လံစည်းရုံးနေတာပါ။

အဲဒီလို လိုက်လံစည်းရုံးမှာ ရပ်ကွက်၊ ကျေးရွာတွေအတွင်းရှိ ကျောင်းမတက်တော့တဲ့ လူငယ်တွေ၊ ကျပန်းအလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေနဲ့ အလုပ်မရှိတဲ့လူငယ်တွေကို အဓိကပစ်မှတ်ထား စည်းရုံးလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က လူငယ်တွေကို သူတို့ရဲ့တပ်ဖွဲ့ထဲဝင်ဖို့ လိုက်လံစည်းရုံးတာဟာ နေ့စဉ် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သူတို့ရဲ့ တပ်ဖွဲ့ဝင်အင်အားလျော့နည်းနေတာကြောင့် အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီဟာ လူငယ်တွေကို သူတို့ရဲ့ တပ်ဖွဲ့ထဲဝင်ရောက်ဖို့ စည်းရုံးနေပေမယ့် ပြီးခဲ့တဲ့ အာဏာသိမ်း (၂)နှစ်တာကာလအတွင်း အာဏာသိမ်းမှုကို လက်မခံတဲ့ ဆန္ဒပြတဲ့ကျောင်းသားလူငယ်တွေကို ရိုက်နှက် ဖမ်းဆီးတာ၊ ပစ်ခတ်သတ်ဖြတ်တာတွေအပြင် ထောင်ဒဏ်နှစ်ရှည် ချမှတ်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းရရှိဖို့နဲ့ ထောက်ပံ့ကူညီနေသူတွေရဲ့ သတင်းအချက်အလက်ရရှိဖို့အတွက်လည်း ဒေသတွင်း သတင်းပေးတွေ ထားရှိနိုင်ဖို့လည်း လျှိူ့ဝှက်ညွှန်ကြားတာတွေ ရှိနေတာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ နေရာဒေသအသီးသီးမှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး အင် အား လျော့နည်းလာတာကြောင့် အမျိုးသမီးစစ်မှုထမ်းတွေကို ခေါ်ယူလေ့ကျင့်သင်ကြားပေးတာ ရှိသလို ကျေးရွာတွေမှာလည်း ပြည်သူ့စစ်တွေ ဖွဲ့စည်းပြီး လေ့ကျင့်သင်ကြားပေးနေတာတွေ ရှိနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဌာနဆိုင်ရာအသီးသီးမှ Non-CDM ဝန်ထမ်းတွေကိုလည်း ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး)မှာ သင်တန်းတွေပေးတဲ့ နေရာမှာလည်း စစ်သင်တန်းနဲ့ လက်နက်ပစ်ခတ်မှု ဆိုင်ရာ သင်တန်းတွေကို အဓိကထားပေးနေပြီး လိုအပ်ပါက စစ်မှုထမ်းရမယ်လို့လည်း ပြောဆိုတာတွေ ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.