မော်လမြိုင်၊ ဖေဖော်ဝါရီ (၁၀)

စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ရက္ခိုင့်‌တပ်တော်(AA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တော်လှန်ရေး ဆင်နွှဲနေတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးကို စာနာနားလည်ပြီး ကိုယ်ချင်းစာတရားအပြည့်နဲ့ ပံ့ပိုးလို့ရတဲ့အရာတွေကို ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ(၂)နှစ်ပြည့် ဖြစ်တဲ့ ဖေဖော်ဝါရီ (၉)ရက်နေ့မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ PSLF/TNLA၊ MNTJP/MNDAA နဲ့ ULA/AAတို့မှ ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ရေးသားပြောဆို ထားတာပဲဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေဟာ မိမိတို့နယ်မြေအသီးသီးကို ကာကွယ်ပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်၊ လူမျိုးအခြေပြုကာကွယ်ရေးတပ်တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အသီးသီးဖွဲ့စည်းပြီး ရရာလက်နက်တွေ နည်းလမ်းပေါင်းစုံတွေနဲ့ ခုခံကာကွယ်တော်လှန်ရေးစနစ်ကို ဆင်နွှဲနေကြပါတယ်။

အဲဒီထဲက နည်းလမ်းတစ်ခုဖြစ်တဲ့ အကြမ်းမဖက်လူထုသပိတ်လှုပ်ရှားမှုတွေနဲ့ ဆန္ဒဖော်ထုတ်ပြသနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မုံရွာမြို့နယ်လုံးဆိုင်ရာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဟာ (၂)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ဘဝတူမြန်မာပြည်သား တိုင်းရင်းသားပြည်သူလူထုတွေရဲ့ ဆန္ဒမျှော် မှန်းချက်တွေကို အမြဲလေးစားအသိအမှတ်ပြုပြီး ဘုံရပ်တည်ရည်မှန်းချက်တူညီသူတွေနဲ့ တစ်သားတည်း ရပ်တည်လျက်ရှိတယ်လို့ ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.