ရန်ကုန် ၊ ဖေဖော်ဝါရီ (၁၀)

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးပါတီတချို့ဟာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ မှတ်ပုံတင်ဖို့ ဆုံးဖြတ်လာကြပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပြဌာန်းချက်အရ ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် ပါတီဆိုရင် မှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်တစ်သိန်းနဲ့ ရန်ပုံငွေ သိန်းတစ်ထောင်အပါအဝင် ရက်ပေါင်း ၁၈၀ အတွင်း အနည်းဆုံး ၁၆၅ မြို့နယ်မှာ ပါတီရုံးခန်းဖွင့်လှစ်ရမှာပါ။

ဒီဥပဒေပါ ကန့်သတ်ချက်တွေကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုတည်းကိုပဲ နောက်လအတွင်း ပါတီမှတ်ပုံတင်ဖို့ စီစဉ်ထားတယ်လို့ ရှမ်းနီ (တိုင်းလျန်း) သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ခင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကိုင်းတိုင်းတစ်ခုပဲ လုပ်တော့မယ်။ ကချင်ပြည်နယ် မလုပ်နိုင်တော့ဘူး၊ နှစ်ခုဆိုရင် (မြန်မာ) ဗမာပြည်တစ်ပြည်လုံးနဲ့ဆိုင်တာပေါ့။ အဲဒီတော့ ကျွန်တော်တို့က ဗမာပြည်တစ်ပြည်လုံးနဲ့ မသွားနိုင်တော့ဘူး။ ဗမာပြည်မှာရှိတဲ့ မြို့နယ်တစ်ဝက်လောက်က ရုံးဖွင့်ရမယ်ဆိုတော့ ကျွန်တော်တို့က အဲဒီလောက်ကြီး မဖွင့်နိုင်ဘူး။ အဲဒါကြောင့်မို့ ကျွန်တော်တို့က စစ်ကိုင်းတိုင်းလောက်ပဲ လုပ်တော့မလို့၊ပါတီဝင်တွေကလည်း စစ်ကိုင်းက များတယ်”လို့ သူက ဆိုပါတယ်။

ရှမ်းနီ(တိုင်းလျန်း) သွေးစည်းညီညွတ်ရေးပါတီဟာ ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့်ပါတီအဖြစ် အရင်က မှတ်ပုံတင်ထားတဲ့အတွက် ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ရှမ်းနီလူမျိုးစုတွေ ရှိတဲ့ မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလို့ ဦးအောင်ခင်းက ပြောပြပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီ ဥပဒေအရ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်း ဖွင့်လှစ်ရမယ်လို့ ပါတီမှတ်ပုံတင်ဥပဒေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ စည်းရုံးမယ့် ပါတီဆိုရင် အဲဒီ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံး ၅ မြို့နယ် ပါတီရုံးခန်းဖွင့်လှစ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကတော့ ကရင်ပြည်နယ်မှာ တိုင်းရင်းသားကရင်နိုင်ငံရေးပါတီ နှစ်ခုရှိနေတဲ့အတွက် ပါတီတည်ထောင်သူတွေ ညှိနှိုင်းအဆင့်သာ ရှိသေးတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ညှိနှိုင်းနေတုန်းပဲ။အကြမ်းမျဉ်း ပါတီထူထောင်သူတွေ အရင်ညှိနှိုင်းတာ မပြီးသေးဘူး။ပါတီတည်ထောင်သူတွေ ညှိနှိုင်းပြီးတော့ ဆက်လက်စီစဉ်ဆောင်ရွက်မယ်။နောက်ပြီး ကရင်ပြည်နယ်မှာ တိုင်းရင်သားကရင်ပါတီက နှစ်ခုရှိတဲ့အခါကျတော့ အဲဒီကိစ္စကို ဘယ်လိုဆက်လုပ်ရင်ကောင်းမလဲဆိုတာ တိုင်ပင်နေကြတယ်။အဲဒီအဆင့်ပဲ ရှိသေးတယ်” လို့ သူက ဆိုပါတယ်။

ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNDP)နဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ နှစ်ခုရှိနေတဲ့အတွက် ပါတီတစ်ခုတည်း ပေါင်း၊ မပေါင်း ဆက်လက်ညှိနှိုင်းဖို့ရှိနေပြီး ပေါင်းဖြစ်ရင် ဘယ်လိုဆက်လုပ်မယ် မပေါင်းဖြစ်ရင်လည်း ဘယ်လိုဆက်လုပ်မယ်ဆိုတာကို စီစဉ်နေဆဲလို့ မန်းအောင်ပြည်စိုးက ဖြည့်စွက်ပြောပါတယ်။

ပါတီမှတ်ပုံတင်ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုတဝန်းလုံးကို စည်းရုံးမယ့် ပါတီအဖြစ် အရင်က မှတ်ပုံ တင်ထားတဲ့ ရခိုင်အမျိုးသားပါတီကတော့ ပါတီတွင်းဆွေးနွေးမှုတွေ ပြုလုပ်ရဦးမယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ပါတီက အရင်တုန်းကဆို ရခိုင်မှာရှိတယ်။ရန်ကုန်ဘက်မှာရှိတယ်၊ ဧရာဝတီမှာရှိတယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရှိတယ်၊ ပါတီရုံးတွေ ဖွင့်ထားတယ်။အခုဥပဒေအရဆို တော်တော်အကျပ်အတည်းအခက်အခဲဆိုင်ရောက်သွားပြီ ဖြစ်တယ်။အဲဒါကြောင့် ပါတီတွင်းမှာ ဆွေးနွေးမှုပြုလုပ်ရဦးမယ်။လောလောဆယ် စဉ်းစားနေတာပဲ ရှိသေးတယ်။ဘယ်နေ့ ဘယ်ရက် အတိအကျပြောလို့ မရသေးဘူး”လို့ သူက ဆိုပါတယ်။

ဥပဒေပညာရှင်တွေကတော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ ကန့်သတ်ချက်တွေကြောင့် နိုင်ငံရေး ပါတီအများစု ဖျက်သိမ်းခံရနိုင်ပြီး ကျန်ရှိတဲ့ပါတီတွေကလည်း တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုသာ ဝင်ရောက်ယှဉ်ပြိုင်လို့ရမယ့် အနေအထား ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေမှာတော့ တည်ဆဲနိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေပြဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ထံ မှတ်ပုံတင်ရမှာဖြစ်ပြီး အဲဒီလို မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုလိုပျက်ပြယ်တယ်လို့ ပြဌာန်ထားပါတယ်။

လက်ရှိမှာတော့ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီတို့က လာလျှောက်ထားတယ်လို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.